၂၀ ဇူလိုင်

 

ဂျပန်နိုင်ငံသား လေးပုံတစ်ပုံကသာ နောက်နှစ်မှာ ကျင်းပမယ့် အိုလံပစ်အားကစားပွဲကို လိုလားပြီး အများစုကတော့ ဒီထက် နောက်ကျပြီးမှ ကျင်းပရန် သို့မဟုတ် ဖျက်သိမ်းရန်သာ လိုလားကြောင်း ကျိုတိုသတင်းဌာနရဲ့ သဘောထားကောက်ခံမှုမှတ်တမ်းအသစ် မှတဆင့် သိရပါတယ်။

 

အိုလံပစ်ပွဲတော်နဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာ သုံးရက်ကြာ စစ်တမ်းကောက်ယူရာမှ ၂၃.၉ ရာခိုင်နှုန်းက ၂၀၂၀ အားကစားပွဲတော်ကို လာမယ့်နှစ်မှာ ကျင်းပတာကို မြင်လိုကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဂျပန်နိုင်ငံသား ၃၆.၄ ရာခိုင်နှုန်းဟာ အားကစားပွဲတော်ကို ဒီ့ထက် နောက်ကျပြီးမှ ကျင်းပသင့်ကြောင်း သဘောထားပေးပြီး ၃၃.၇ ရာခိုင်နှုန်းကတော့အားကစားပွဲတော်ကို လုံးဝဖျက်သိမ်းသင့်ကြောင်း သဘောထားပေးပါတယ်။

 

အားကစားပွဲတော်ကို နောက်ကျကျင်းပစေချင်သူများနဲ့ ဖျက်သိမ်းစေချင်သူများက  ကပ်ရောဂါကို ၂၀၂၁ ခုနှစ်မှာ ထိန်းချုပ်နိုင်မယ်ဆိုတာ မယုံကြည်တဲ့အတွက် ဖြစ်ပါတယ်။ တိုကျို အိုလံပစ်ပွဲတော်ကို ဇူလိုင် ၂၃ ရက် ၂၀၂၁ ခုနှစ်မှာ စတင်ရန် သတ်မှတ်ထားပါတယ်။

 

ပွဲတော်ကျင်းပရေးမှာ ၂၀၂၁ ထက်နောက်ကျပြီး ကျင်းပရန် မဖြစ်နိုင်ကြောင်း ကျင်းပရေးကော်မတီတွေက ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံမြို့တော် တိုကျိုမှာ အခုရက်ပိုင်းအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိလူနာတွေ နေ့စဉ်များပြားနေတဲ့အတွက် ဗိုင်းရပ်စ်ပိုးကူးစက်မှု တစ်ကျော့ပြန်ဖြစ်မှာကို စိုးရိမ်မှုတွေ တိုးပွားလာနေကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP