နေပြည်တော် ၂၀ ဇူလိုင်

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဩစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၂၁)ဦးနှင့် အင်ဒိုနီးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃)ဦး စုစုပေါင်း ၁၃၄ ဦးတို့အား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဆစ်ဒနီ-ဘာလီ-ရန်ကုန်ခရီးစဉ်အတိုင်း ပြေးဆွဲလျက် ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ကင်ဘာရာမြို့နှင့် ဂျာကာတာမြို့ရှိ မြန်မာသံရုံးများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြမည်ဖြစ်သည်။

 

ထို့ပြင် ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေပြီး စာချုပ်သက်တမ်းပြည့်လွန်နေသဖြင့် Crew Change ပြုလုပ်ရန် လိုအပ်နေသည့် မြန်မာသင်္ဘောသား စုစုပေါင်း ၅၁ ဦးတို့အား မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် Myanmar Seafarer Employment Services Federation နှင့် သက်ဆိုင်ရာသင်္ဘောကုမ္ပဏီများ၏ စီစဉ်ပေးမှုတို့ဖြင့်  စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အထူးလေလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် မြန်မာသံရုံး၊ စင်ကာပူမြို့မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ယနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

 

ဖော်ပြပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၈၄၂၂ ဦးအား ကယ်ဆယ်ရေး/ အထူးလေယာဉ်များဖြင့်  မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

သတင်းစဉ်