နေပြည်တော် ၂၀ ဇူလိုင် 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ယဉ်တော်ကျေးရွာအုပ်စု မန္တလေး-စစ်ကိုင်းလမ်းရှိ ရွှေဂဲရေဆိုးထုတ်စက်ရုံအတွင်းသို့ ယမန်နေ့ညက ဧရာဝတီမြစ်ရေ ကမ်းနားလမ်း၏ အောက်ဖက်မှ ထူးပေါက်ဖြစ်၍ ဝင်ရောက်လာမှုကြောင့် ရေလွှမ်းနိုင်သည့် ရပ်ကွက်(၄)ခုမှ အိမ်ထောင်စုများအား  ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ခြင်း၊ ကိုဗစ်-၁၉ အကာအကွယ် ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ဖြစ်စဉ်ကြောင့် မန္တလေး - စစ်ကိုင်းလမ်း လမ်းသားပြတ်တောက်၍ ဧရာဝတီမြစ်ရေများ နံကပ်အင်းအတွင်း စီးဝင်နေမှုကို ပိတ်ဆို့နိုင်ရေးလိုအပ်သော ကူညီပံ့ပိုးမှုပေးခြင်းတို့ကို သွားရောက်ပူးပေါင်းညှိနှိုင်း‌ ဆောင်ရွက်သည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အမရပူရမြို့ ရှင်ပင်ဆတ်သွားဘုရားတန်ဆောင်း မိုးကောင်းမြတ်စွာဘုရား ဓမ္မာရုံနှင့် ကျန်တန်းဓမ္မာရုံတို့တွင် ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင် စခန်းများသို့ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် သတိထားရမည့် အချက်များနှင့် အားပေးစကားပြောကြားပြီး ရေဘေးသင့် အိမ်ထောင်စု ၁၄၄၈ စုမှ လူဦးရေ ၄၀၃၄ ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် ၈၄၇၁၄၀၀၊ Mask များနှင့် လက်ဆေးဆပ်ပြာများ ထောက်ပံ့ပေးခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဖြစ်စဉ်နေရာသို့ ရောက်ရှိပြီး နံကပ်အင်းပတ်လည်ရှိ တာရိုးနိမ့်ပြီး ရေများကျော်ဝင်နိုင်သော နေရာများကိုလည်းကောင်း၊ မန္တလေး- စစ်ကိုင်းလမ်း လမ်းသားပြတ်တောက်ပြီး မြစ်ရေများ စီးဝင်နေသည့် အခြေအနေကိုလည်းကောင်း ကြည့်ရှုကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့် မြစ်ရေစီးဝင်နေမှုကို အမြန်ဆုံးပိတ်ဆို့နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပံ့ပိုးပေးနိုင်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

နံကပ်အင်းပတ်လည်ရှိ လူနေအိမ်ခြေများအနီး ရေကျော်နိုင်သည့် တာရိုးနိမ့်သော နေရာများကို  သဲအိတ်များချထားနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် လူမှုအဖွဲ့အစည်းများက  ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်