နေပြည်တော် ၂၀ ဇူလိုင်
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေများကြောင့် ခေတ္တရပ်နားထားရသည့် အခြေခံပညာ အထက်တန်းကျောင်းများအား COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ညှိနှိုင်းအစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ ဦးဆောင် တက်ရောက်၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့်မှ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပူးပေါင်း၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်းများအား COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ဆန်းစစ်ရန်စာရင်း (checklist) များ အသုံးပြု၍ စစ်ဆေးခဲ့မှု အခြေအနေများ၊ ရရှိလာသည့် ရလဒ်များအပေါ်မူတည်၍ လက်ရှိအခြေအနေအရ ဖွင့်လှစ်ခွင့်ပြုရန် လိုအပ်ချက်များ ပြည့်မီသည့်ကျောင်း (အဆင့်-A)၊ ထပ်မံ ဖြည့်ဆည်းရန် လိုအပ်သည့်ကျောင်း (အဆင့်-B)၊ အထူးထပ်မံဖြည့်ဆည်းရန် လိုအပ်သည့်ကျောင်း (အဆင့်-C)၊ ခွဲခြားသတ်မှတ်၍ ရရှိလာသည့် အခြေအနေများနှင့် ထိုအခြေအနေများကို သုံးသပ်ဆွေးနွေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးများ၏ အမြင်များ၊ အကြံပြုမှုများနှင့် စဉ်ဆက်မပြတ် ဆန်းစစ်ကြီးကြပ်ခြင်း လုပ်ငန်းများကို ကျောင်းတွင်းတွင် ဆန်းစစ်ကြီးကြပ်မည့် အဖွဲ့များဖွဲ့စည်းခြင်းနှင့် မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကွပ်ကဲရေးအဖွဲ့နှင့် အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ရေး လုပ်ငန်းများအပေါ် အသေးစိတ် ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အစည်းအဝေး၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေး နှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံ ဘေးကင်းသည့် အခြေခံပညာ အထက်တန်းအဆင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသအာဏာပိုင်များ၊ အခြေခံပညာဦးစီးဌာန၊ မိဘဆရာအသင်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့များ ဖွဲ့စည်း၍ ၁၇-၇-၂၀၂၀ ရက်နေ့မှစ၍ ၂၀-၇-၂၀၂၀ ရက်နေ့ နံနက်ပိုင်းအထိ အခြေခံပညာ အထက်တန်းအဆင့်ကျောင်း စုစုပေါင်း (၇၁၇၃) ကျောင်းများ အနက် (၅၈၃၀) ကျောင်းတို့အား ဆန်းစစ်အကဲဖြတ်ဆောင်ရွက်ရာတွင် အဆင်သင့်ဖြစ်သော (A အဆင့်) ကျောင်း (၃၇၇၂) ကျောင်း၊ ဖြည့်ဆည်းရန် လိုအပ်သော (B အဆင့်) ကျောင်း(၁၂၂၀) ၊ ဖြည့်ဆည်းရန် အထူးလိုအပ်သော (C အဆင့်) ကျောင်း(၈၃၈)ကျောင်း ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါကြောင်းနှင့် အစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်အရ အဆင့်-A ရရှိသည့် အခြေခံပညာအထက်တန်းကျောင်း (၃,၇၇၂) အား မူလစီစဉ်ထားသည့်အတိုင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် စတင်၍ ဦးစွာဖွင့်လှစ်ခွင့်ပြုရန် ဆွေးနွေးခဲ့ပြီး အဆင့်-B ရရှိသည့် (၁,၂၂၀) ကျောင်း၊ အဆင့်-C ရရှိသည့် (၈၃၈) ကျောင်းများကို ဒုတိယအဆင့်အနေဖြင့် ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးပါကလည်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မိဘဆရာအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့များဖြင့် မြို့နယ်အလိုက် စဉ်ဆက်မပြတ် အဆင့်ဆင့် ဆန်းစစ်ကြီးကြပ်ခြင်းနှင့် ရှောင်တခင် စစ်ဆေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ (၄၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြကာ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူ(၁၇) ဦးက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။


