ဇူလိုင် ၂၁
အခြေခံပညာအထက်တန်းကျောင်းများ ယနေ့စတင်ဖွင့်လှစ်ပြီဖြစ်သည်။ အထက်တန်းကျောင်းသား ကျောင်းသူများ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် စတင်၍ ပညာသင်ကြားနေကြပြီ။ ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ယခင်နှစ်များနှင့်မတူ ပညာသင်ကြား၊ သင်ယူမှုပုံစံများ ပြောင်းလဲသွားသည်။ ကူးစက်ရောဂါအရေးကြောင့် ပညာရေးမဝေးအောင် ဝိုင်းဝန်းကြိုးစားရတော့မည် ဖြစ်သည်။
ငယ်ရွယ်စဉ်ကာလ ပညာသင်ကြားကြသော လူငယ်လူရွယ်များအား “မီးဝေး ချိပ်မာ” သကဲ့သို့ ချိပ်သည်မီးနှင့်ဝေးသည့်အခါ မာသွားသည့်သဘော ပြုပြင်ဖန်တီးမရ မဖြစ်ရအောင် ဆောင်ရွက်ပေးဖို့ လိုမည်ဖြစ်သည်။ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ စာနှင့်ဝေးသည့်အခါ ပညာဉာဏ် နှေးကွေးမသွားစေရန် အဆက်မပြတ် ပညာသင်ကြားရေးကို ပြုလုပ်ပေးရန်လိုပေသည်။ ကိုဗစ်-၁၉ ကြောင့် ပညာသင်ကြားရေး၌ အခက်အခဲများရှိသော်ငြားလည်း ကျောင်းသားနှင့် ပညာမဝေးရအောင် ရသမျှ၊ ရှိသမျှ အခွင့်အရေးများကို အသုံးချ၍ ပညာဉာဏ်တိုးပွားလာအောင် ဝိုင်းဝန်းကြံဆောင်အားထုတ်ရမည် ဖြစ်သည်။
အထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ မေလ ၂၂ ရက်နေ့က ကျန်းမာရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လမ်းညွှန်ချက်များကို ချမှတ်ပေးခဲ့ပါသည်။ ကျောင်းသား ကျောင်းသူနှင့် မိဘများ ဆောင်ရွက်ရမည့်အပိုင်း၊ ကျောင်းသား ကျောင်းသူနှင့်ဆရာ ဆရာမများ ဆောင်ရွက်ရမည့်အပိုင်း၊ ကျောင်းတာဝန်ရှိသူများ ဆောင်ရွက်ရမည့်အပိုင်းဟူ၍ ကျန်းမာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီးမှ အထက်တန်းကျောင်းများ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပေသည်။
ယင်းအနေအထားအပေါ် မူတည်၍ ကျန်အလယ်တန်းနှင့် မူလတန်းကျောင်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ရာ တစ်ဖက်က ကိုဗစ်-၁၉ ရောဂါ ဘေးအန္တရာယ် မဖြစ်ပွားအောင် ဂရုတစိုက် အလေးထား လိုက်နာဆောင်ရွက်ရင်း တစ်ဖက်ကလည်း ကျောင်းများအပေါ်တွင် မူတည်၍ ရသမျှအချိန်ကာလအတွင်း ရသမျှပညာတို့ကို အပတ်တကုတ် သင်ကြားပို့ချ၊ လေ့လာဆည်းပူးကြရန် လိုပေမည်။ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကျောင်းမလာမီနှင့် ကျောင်းပို့၊ ကျောင်းဆင်းချိန်တွင် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့်အချက်များကို တိတိ ကျကျ အလေးထားဆောင်ရွက်ထားရန် လိုပေသည်။
ကျောင်းချိန်အတွင်း ပညာသင်ကြားမှုပုံစံ၊ မုန့်စား၊ ထမင်းစားနားချိန်၊ ကျောင်းဆင်းချိန်တို့တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ တာဝန်ရှိသူများက အလေးထား ကြပ်မတ်ဆောင်ရွက်ပေးရန်လိုပေသည်။ အဓိကအချက်မှာ ကျောင်းပြင်ပတွင် လူစုလူဝေးမဖြစ်အောင် သက်ဆိုင်ရာတို့က သတိပေး ထိန်းကျောင်းပေးကြသည်ကို နားလည်မှုဖြင့် ပါဝင်ကူညီကြရန်ဖြစ်သည်။ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ပညာသင်ကြားရာ၌ အနှောင့်အယှက်အဟန့်အတား နည်းပါးစွာဖြင့် လွတ်လပ်စွာ ပညာသင်ကြား လိုကြသူများဖြစ်ရာ ကိုဗစ်-၁၉ ကာလအတွင်း၌ ကန့်သတ်ထားသော အချက်များ၊ လိုက်နာရမည့် အချက်များကို သဘောပေါက်နားလည်အောင် စည်းရုံးပညာပေး အသိပေး၍ ပါဝင်ဆောင်ရွက်တတ်လာအောင် အလေ့အကျင့်လုပ်ပေးကြရမည် ဖြစ်သည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါကြောင့် အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူကလေးသူငယ်များ ပညာနှင့်ဝေးနေသည်မှာ လေး၊ ငါးလခန့် ကြာနေပြီဖြစ်သည်။ ငယ်ရွယ်သူကျောင်းသား ကျောင်းသူလေးများ ပညာနှင့်မဝေးအောင် ကြံဆောင်ဖန်တီးပေးမှသာလျှင် ကလေးငယ်များ လွင့်ပါး လေလွင့်နေခြင်း မရှိဘဲ အနာဂတ်တွင် တိုးတက်တောက်ပြောင်သော သားကောင်းသမီးမွန်များ ဖြစ်ပေလိမ့်မည်။ လက်ရှိကာလတွင် ကျောင်းသား ကျောင်းသူကလေးငယ်များအား ကျန်းမာရေးနှင့်ညီညွတ်သည့် လုံခြုံ စိတ်ချ မှုရှိသော ပတ်ဝန်းကျင်ကောင်းဖြစ်အောင် ကျောင်းသား၊ မိဘ၊ ဆရာ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ကူညီ ဆောင်ရွက်ပေးကြရပေမည်။
သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူများ ပညာနှင့်မဝေးမှသာ တိုးတက်တောက်ပြောင်သော သားကောင်း ရတနာများ နိုင်ငံအတွက် ပေါ်ထွန်းလာအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ရာ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသော ပညာရေးစိန်ခေါ်မှုများကို မိဘ၊ ဆရာ၊ ကျောင်းသားနှင့် သက်ဆိုင်ရာတို့ အားလုံးပူးပေါင်းလက်တွဲ၍ ကျော်လွှားကြကာ ပညာပြည့်ဝ နှလုံးလှသည့် အမြော်အမြင်ရှိသော မျိုးဆက်သစ်များဖြစ်အောင် စဉ်ဆက်မပြတ် ပညာသင်ကြား လေ့လာလိုက်စားနေကြရမည်ဖြစ်ပါ ကြောင်း။
ကြေးမုံ