၂၁ ဇူလိုင်

 

 

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး နှစ်မျိုးဟာ လူသားတွေအတွက် အသုံးပြုရန် လုံခြုံမှုရှိပြီး ရောဂါပိုး ကူးစက်ခံထားရသူတွေ အတွက်လည်း ဗိုင်းရပ်စ်ပိုးကို ခုခံရန် ကိုယ်ခံအားကောင်းစေကြောင်း လူတွေနဲ့ သီးခြားစမ်းသပ်မှု နှစ်ခုရဲ့ ရလဒ်အရ သိရတယ်လို့ ဆရာဝန်တွေက တနင်္လာနေ့မှာ ပြောကြားပါတယ်။

 

 

ပထမစမ်းသပ်မှုကို ဗြိတိန်နိုင်ငံမှာ အရွယ်ရောက်ပြီးသူ တစ်ထောင်ကျော်ကို စမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်ခဲ့တဲ့ ကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို တိုက်ထုတ်ရမယ့် ပဋိပစ္စည်း ပရိုတင်း antibody တွေကို အားကောင်းစေခြင်းနဲ့ ကိုယ်ခံအားကို အားကောင်းစေကြောင်းကို တွေ့ရှိပါတယ်။

 

 

နောက်စမ်းသပ်မှုကို  တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့ပြီး  လူ ၅၀၀ ကျော်ပါဝင်တဲ့ စမ်းသပ်မှုမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို ကာကွယ်နိုင်တဲ့ ကိုယ်ခံအားကောင်းခြင်းကို တွေ့ရှိရတယ်လို့ သိရပါတယ်။

 

 

အခုတွေ့ရှိချက်တွေကနေ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို  ထိထိရောက်ရောက် ကာကွယ်နိုင်မယ့် အဓိက ခြေလှမ်းတွေဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာဂျာနယ် The Lancet မှာ ရေးသားထားပါတယ်။

 

 

တွေ့ရှိထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးဟာ အသုံးပြုသင့်သလား သေချာအောင် လူအများကြီးနဲ့ စမ်းသပ်ရန် လုပ်ဆောင်နေပြီလို့ သိရပါတယ်။

 

 

ဗြိတိန်နိုင်ငံကတော့ အောက်စဖို့ဒ် တက္ကသိုလ်က ထုတ်လုပ်မယ့် ကာကွယ်ဆေးကို သန်း ၁၀၀ မှာယူထားပြီးကြောင်း သိရပါတယ်။

 

 

ဗြိတိန်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး စမ်းသပ်ရာတွင် ပါဝင်သူ ၁,၀၇၇ ဦး ရှိခဲ့ပါတယ်။ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ၇၀ ရာခိုင်နှုန်းသော ကာကွယ်ဆေးထိုးသူတွေမှာ ကိုယ်အပူချိန် မြင့်တက်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းကို ဖြစ်စေကြောင်း တွေ့ရှိရပါတယ်။ ဒီအခြေအနေဟာ ပါရာစီတမောလို ဆေးနဲ့ ထိန်းနိုင်ကြောင်း သုတေသန ပညာရှင်တွေက ပြောပါတယ်။

 

 

အောက်စဖို့ဒ်တက္ကသိုလ်မှ ပါမေက္ခ ဆာရာ ဂဲလ်ဘတ် က ကိုရိုနာဗိုင်းရပ်စ် Covid-19 ကို ကာကွယ်ရန်အတွက် ဆက်လက် လုပ်ဆောင်ရအုန်းမှာ ဖြစ်ပေမယ့် ဒါဟာ အကောင်းဆုံးရလဒ်ကို ဆုပ်ကိုင်ထားနိုင်ပြီလို့ ပြောပါတယ်။  ဗြိတိန်နိုင်ငံမှာ ပြုလုပ်မယ့် နောက်ထပ် စမ်းသပ်ချက်မှာ လူပေါင်း ၁၀,၀၀၀ ကျော် ပါဝင်မယ်လို့ သိရပါတယ်။

 

 

MDN

ကိုးကား- AFP