အောင်လံ  ၂၁  ဇူလိုင် 

 

မကွေးတိုင်းဒေသကြီး   အောင်လံမြို့နယ်တွင် ယမန်နှစ်ကထက် ကြံစိုက်ဧက တစ်ထောင်ခန့် လျော့နည်းသွားခဲ့ပြီး ကြံစိုက်ပျိုးမှု လျော့နည်းသွားခြင်းမရှိစေရန် တောင်သူနှင့် လုပ်ငန်းရှင်များအကြား ဈေးကွက်ကိုထိန်းကြောင်းရန် လိုအပ်နေကြောင်း အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

 

ကြံသီးနှံကို မကွေးတိုင်း၌ တောင်တွင်းကြီး၊ အောင်လံနှင့် ကံမမြို့နယ်များတွင် စိုက်ပျိုးမှုများပြီး အောင်လံမြို့ နယ်တွင် ယမန်နှစ်က ဧကတစ်သောင်းခန့်စိုက်ပျိုးရာမှ ယခုနှစ်တွင် ဧကကိုးထောင်ခန့်သာ စိုက်ပျိုးမှုရှိခဲ့သည်။ 

 

“ ကြံအစိုက်လျော့တယ်ဆိုတာက သကြားစက်က ဝယ်တဲ့ဈေးနှုန်းက တွက်ခြေမကိုက်ဖြစ်လာရင် တောင်သူက လျှော့စိုက်တာမျိုးတွေ ရှိလာနိုင်တာပေါ့။ တောင်သူအထွက်မကောင်းရင် သကြားစက်များ ကုန်ကြမ်းမရဘူး။ သကြားစက်က ဈေးနှုန်း မပေးရင်လည်း တောင်သူကမရောင်းချင်ဘူး။ ဈေးကောင်းပေးတဲ့နေရာ သွားရောင်းကြတာ။ ဒါမျိုးတွေ ဆက်စပ်နေတဲ့အတွက် နှစ်ဦးနှစ်ဘက်အကျိုးရှိတဲ့ တည်ငြိမ်တဲ့ဈေးကွက်လေးဖြစ်အောင် ထိန်းကျောင်းသွားဖို့ လိုပါတယ် ” ဟု အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထွန်းလှအောင် ကပြောသည်။ 

 

မကွေးတိုင်းဒေသကြီးတစ်ခုလုံးတွင် ယခုနှစ်(၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်)၌ ကြံစိုက်ဧက ၁၅၀၀၀ ခန့် စိုက်ပျိုးရန် လျာထားခဲ့ပြီး (၁၆၃၈၉ )ဧက စိုက်ပျိုးနိုင်ခဲ့ကာ လျာထားချက်ထက်ပိုစိုက်နိုင်ခဲ့ကြောင်း ၊ ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျင်မူ ဧကလေးထောင်ခန့် လျော့နည်းသွားကြောင်း မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးလင်းမြတ်ထံမှ သိရသည်။ 

 

တောင်သူများအနေဖြင့်ကြံကို နိုဝင်ဘာလမှ ဇန်နဝါရီလထိ စိုက်ပျိုးလေ့ရှိပြီး ကြံစိုက်ရာသီကြာချိန်မှာ တစ်နှစ် ဖြစ်ကြောင်း ၊ ကြံတစ်ဧက၏ သွင်းအားစုမှာ ၄ သိန်း နှင့် ၅ သိန်းဝန်းကျင်ရှိပြီး တစ်ဧကလျှင် တန် ၃၀ မှ ၄၀ အထိ ထွက်ကာ တစ်တန်ပေါက်ဈေး ၃၁၅၀၀ ဖြင့်တွက်လျင်  ၉ သိန်း နှင့် ၁၂ သိန်းကြားသာ ပြန်ရကြောင်း တောင်သူများထံမှ သိရသည်။ 

 

ဇေယျတု(မကွေး)