မင်းဘူး  ၂၁  ဇူလိုင်  

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ်(၂) ကျောက်တခါးရပ်ကွက်မှ အုတ်ထုတ်လုပ် ရောင်းချသူများသည်။ ထုတ်လုပ်သည့်အုတ်များ အရည်အသွေးကောင်းသလို ရောင်းအားလည်းကောင်း လို့ အုတ်လုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

အုတ်များလုပ်ရာတွင် အုတ်လုပ်သည့် မြေများကို ကားတစ်စီးလျှင် ငွေကျပ် ၁၀၀၀၀ ပေးဝယ်ရပြီး  စုဆောင်းထားရကြောင်း၊ စုဆောင်းထားသည့် မြေများမှ အုတ်လုပ်ရန် လိုသလောက်မြေများကို ရေဖျန်း ပြီး နှပ်ပေးထားရသည်။ နှပ်ပြီးသား ရွှံ့မြေများကို ပုံစံခွက်ထဲ ထည့်ရိုက်လှီးဖြတ်ကာ နေလှမ်းသည့်နေရာ သို့ လက်တွန်းလှည်းဖြင့် ပို့ပေးရသည်။ ငါးရက်ခန့် နေလှမ်းပြီးမှ မီးဖုတ်ကာ ရောင်းချရသည်။ အုတ်များ ကို အလျား ၉ လက်မ အနံ ၃ လက်မဖြင့် ထုတ်လုပ်ပြီး အုတ်ခဲတစ်လုံးလျှင် ငွေကျပ် ၈၀ ရောင်းချကြသည်။ 

 

“ကျွန်တော်တို့ အုတ်လုပ်ငန်းမှာ အလုပ်သမား (၃၀) ခန့်ရှိပြီး လုပ်အားခအနေဖြင့် အုတ်ခဲတစ်လုံး ( ၁၈) ကျပ်ပေးရတယ်။ တစ်ယောက်ကို အုတ် ၄၀၀ အထိ ပြီးပါတယ်။ အလုပ်သမားများဟာ အနီးအနား ဝန်းကျင် ရပ်ကွက်တွေကပါ။ သူတို့မိသားစုတွေနဲ့ နေရေးထိုင်ရေး အဆင်ပြေကြသလို ကျွန်တော်လည်း ရောင်းအားကောင်းလို့ အဆင်ပြေပါတယ်”ဟု အုတ်လုပ်ငန်းရှင် ဦးသက်ထွန်းက ပြောသည်။

 

ဇေယျာထက်(မင်းဘူး)