အောင်လံ ၂၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ Cash for Work စီမံကိန်းဖြင့် ဦးစားပေးအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများ ရွေးချယ်အတည်ပြုခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကြီး က ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ရွေးချယ်ထားသောကျေးရွာ (၁၄)မှ လုပ်ငန်းအမည်၊ လုပ်ငန်းအတိုင်းအတာ၊ စီမံကိန်းလုပ်ငန်းအကျုံးဝင်မှုရှိ/မရှိ၊သတ်မှတ်Specificationနှင့်ကိုက်ညီမှုရှိ/မရှိ၊ Material Labour Ratio စသည့်တို့ကိုချပြရှင်းလင်း၍ တက်ရောက်လာသော ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အတည်ပြုရွေးချယ်ခဲ့ကြောင်းသိရသည်။
မျိုးသိန်း(ပြန်/ဆက်)


