ဟားခါး ၂၁ ဇူလိုင်
ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်အတွင်း ငါးစားသုံးမှု ဖူလုံစေရေး အထောက်အကူပြုစေရန်အတွက် ပြည်နယ်အတွင်း မွေးမြူထားရှိသော တစ်ပိုင်တစ်နိုင် ငါးမွေး တောင်သူများ၏ ငါးမွေးကန်များတွင် အရွယ်ရောက်သည့် ငါးသားပေါက်များ စိုက်ထည့်ခြင်းနှင့် ငါးမွေးမြူရေးအောင်မြင်မှု ရရှိစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများအား ငါးမွေးကန်များသို့ အရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ရှေးဦးစွာ ချင်းပြည်နယ်ငါးသားဖောက်စခန်း ရမ်ထလိုမှ စခန်းတာဝန်ခံ ဦးစိုးပိုင်သူနှင့် ဝန်ထမ်းများသည် ဇူလိုင်လ ၂၀ ရက် မွန်းလွဲပိုင်းက ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာ ငါးမွေးတောင်သူ ဦးထာကျုံး၏ ငါးမွေးကန် (၂) ကန်သို့ရောက်ရှိပြီး နှစ်စဉ်ငါးမွေးမြူရာတွင် ကြုံတွေ့ရတတ်သော ငါးသားပေါက်များ သေဆုံးရခြင်းမျိုး မဖြစ်စေရန် ငါးမွေးကန်များတွင် ဆောင်ရွက်ရမည့် အခြေခံ ငါးမွေးမြူရေးနည်းလမ်းများ၊ ငါးကန်ရေသန့်ရှင်းရေး၊ အရည်အသွေး ကောင်းမွန်စေရေးနှင့် လုံလောက်သော အောက်ဆီဂျင်ရရှိစေရေး ဆောင်ရွက်ရမည့် နည်းလမ်းများနှင့်ပတ်သက်၍ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြပြီးနောက် အရွယ်အစား (၀.၇၅) လက်မရှိ ရွှေဝါငါးကြင်း သားပေါက် ကောင်ရေ (၁၅၀၀၀) ကို ငါးသန်ပြုစုရေးကန်များသို့ စနစ်တကျ ပြောင်းရွေ့ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်ပြီး ငါးသားပေါက်စခန်း(ရမ်ထလို)မှ စခန်းတာဝန်ခံနှင့် ဝန်ထမ်းများသည် ဇူလိုင် ၂၁ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာ ဦးဟဲရ်ဘိခ်၏ ငါးမွေးကန်သို့ ရောက်ရှိပြီး ငါးကန်အတွင်း ရေအရည်အသွေးပြည့်မီစေရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ အောင်မြင်မှု ရရှိစေရေး လက်တွေ့ဆောင်ရွက်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ရာ တစ်ပိုင်တစ်နိုင် ငါးမွေးမြူသော ငါးမွေးတောင်သူများ အပါအဝင် စီးပွားဖြစ်ငါးမွေးမြူလိုသော စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပြီး ငါးမွေးကန် (၉) ကန်သို့ ငါးသားပေါက်များ စိုက်ထည့်ပေးခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


