တံတားဦး    ၂၁    ဇူလိုင်

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် နွေနှမ်းပျက်စီးမှုအတွက် တစ်ဧကလျှင် ငွေကျပ်(၅) သောင်းနှုန်း ထောက်ပံ့ခြင်းကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီက အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က နွေနှမ်းပျက်စီး ထိခိုက်မှုနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်က သီးနှံပျက်စီး ထိခိုက်မှုအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ နွေနှမ်းပျက်စီးမှုအတွက် ထောက်ပံ့ငွေများကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများက တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြသည်။

 

တံတားဦးမြို့နယ်အနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ် မိုးရွာသွန်းမှုကြောင့် နွေနှမ်းပျက်စီးရာတွင် ငါးဇင်ရိုင်း ကျေးရွာ၌ ကွင်းပေါင်း(၂)ကွင်း၊ တောင်သူပေါင်း(၁၂)ဦး ပျက်စီးဧက (၁၁)ဧက ၊ချောင်းခွ ကျေးရွာ၌ ကွင်းပေါင်း(၁)ကွင်း တောင်သူပေါင်း(၅)ဦး ပျက်စီးဧက (၂)ဧက၊ တောင်ပြုံးကျေးရွာ၌ ကွင်းပေါင်း (၁)ကွင်း ၊ တောင်သူပေါင်း(၃)ဦး ပျက်စီးဧက (၆)ဧက ၊ ထန်းပေါက်ကုန်းကျေးရွာ၌ ကွင်းပေါင်း(၂)ကွင်း ၊ တောင်သူပေါင်း (၅၈)ဦး ပျက်စီးဧက (၄၆)ဧက ဖြစ်ပြီး တစ်ဧကလျှင် ငွေကျပ်ငါးသောင်းနှုနးဖြင့် ပျက်စီးစုစုပေါင်း (၆၅)ဧကအတွက် ငွေကျပ် (၃၂၅၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်ညွန့် ထံမှ သိရသည်။

 

အဆိနုပါအခမ်းအနားသို့ တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီနှင့် ဦးဝဏ္ဏအောင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ကြကြောင်း သိရှိရသည် ။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)