မုံရွာ  ၂၁  ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ပြေးဆွဲလျက်ရှိသော ကုန်တင် ရေယာဉ်များနှင့် လူစီးအမြန်ရေယာဉ်များ မြို့များနှင့်ကျေးရွာများ အနီးမှဖြတ်သန်းစဉ် အရှိန်လျှော့ မောင်းနှင်ကြရန်လိုကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်း ထံမှ သိရသည်။

 

“မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေအနေနဲ့က နှစ်စဉ်ကြုံတွေ့နေတဲ့ အခြေအနေပါ၊ အထူး သဖြင့်တော့ လူစီးအမြန်ရေယာဉ်တွေပါ၊ ချင်းတွင်းမြစ်ရေကြီးချိန်မှာ ရေယာဉ်တွေက ကမ်းအနီးကို ကပ်မောင်းတဲ့အခါမှာ စက်အရှိန်လျှော့မောင်းကြဖို့၊ အရှိန်မလျှော့ချင်ဘူးဆိုရင်တော့မြစ်လယ်ကနေ မောင်းကြဖို့၊ ရေလှိုင်းတွေရိုက်တော့ မြစ်ကမ်းပါးတွေပြိုကျမှုတွေဖြစ်နိုင်တယ်။ လူနေအိမ်တွေမှာလည်း ရေတွေဝင်တဲ့အတွက် ပျက်စီးနိုင်လို့ ကျေးရွာတွေဖြတ်သန်းမောင်းနှင်ကြတဲ့အခါမှာ စက်ရှိန်ကိုလျှော့ မောင်းနှင်ကြဖို့အတွက် မုံရွာမြို့ကနေ စထွက်ကတည်းက ရေယာဉ်စစ်ဆေးတဲ့အဖွဲ့တွေက နေ့စဉ်စနစ်တကျ မှာကြားနေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းက ပြောသည်။

 

ချင်းတွင်းအထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများကြောင့် မြစ်ရေမြင့်တက်လာချိန် မြစ်ကမ်းဘေး တစ်လျှောက်ရှိ မြို့များနှင့်ကျေးရွာများသို့ မြစ်ရေဝင်ရောက်လျက်ရှိရာ မုံရွာမြို့မှ ချင်းတွင်းအထက်ပိုင်း ဒေသများ သို့ပြေးဆွဲလျက်ရှိသော လူစီးအမြန်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ မြစ်ကမ်းအနီးမှ စက်အရှိန်မြှင့် မောင်းနှင်သဖြင့် မြို့များနှင့် မြစ်ကမ်းဘေးရှိကျေးရွာများတွင် ကျေးရွာပိုင်မြေများ ပြိုကျခြင်းကြောင့် လူနေအိမ်များ အရေးပေါ် ရွှေ့ပြောင်းရခြင်း၊ ကျေးရွာပိုင်စိုက်ပျိုးမြေများပြိုခြင်း၊ မြစ်ကမ်းပါးပြိုကျမှုတို့ဖြစ်ပေါ်လျက်ရှိသဖြင့် ကျေးရွာများအနီးသို့ဖြတ်သန်းစဉ် မြစ်လယ်မှမောင်းနှင် ကြရန်နှင့် မြစ်ကမ်းအနီးမှ ဖြတ်သန်းပါက အရှိန်လျှော့  မောင်းနှင်ကြရန် သတိပေးမှာကြားထားကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)