ကျုံပျော် ၂၁ ဇူလိုင် 

 

နှစ်စဉ် မိုးဦးကျနှင့် မိုးရာသီများတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိရာ ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ဖြစ်ပွားမှုနှုန်း အထူးလျော့ကျခဲ့ကြောင်း သိရသည်။

 

" အခု ကိုဗစ်- ၁၉ ဖြစ်ပွားနေစဉ် ကာလမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း နှစ်စဉ်ထက်များစွာ လျော့ကျတဲ့ အတွက် ကံကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အရင် ၂၀၁၈ ခုနှစ်မှာ (၁၁၂) ဦး၊ ၂၀၁၉ ခုနှစ်မှာ (၁၇၂) ဦး ဖြစ်ပွားခဲ့ပြီး ၊ ဒီနှစ် ၂၀၂၀ ခုနှစ်မှာ ယနေ့အထိ ဖြစ်ပွားသူ (၂၀)  သာ ရှိခဲ့ပါတယ်။ လာမယ့်သြဂုတ်လဆိုရင် ဖြစ်ပွားမှု အကျဘက်ကိုရောက်တဲ့ ကာလဖြစ်လာပါပြီ။ မြို့နယ်အတွင်းမှာလည်း (၄) နှစ်ဆက်တိုက် သွေးလွန် တုပ်ကွေးကြောင့် သေဆုံးသူ မရှိခဲ့ပါဘူး" ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ဆိုပါသည်။

 

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် ပြည်သူလူထုအခြေပြု၊ လူနာအခြေပြု၊ စာသင်ကျောင်းအခြေပြုနှင့် ဆေးရုံအခြေပြုစသည့် နည်းဗျူဟာ (၄) ခုရှိပြီး၊ ယခုနှစ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပြည်သူလူထုအခြေပြုနှင့် ကျောင်းအခြေပြုကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မှုနည်းခဲ့ပြီး၊ လူနာအခြေပြုနှင့် ဆေးရုံအခြေပြုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကျုံပျော်တွင် မတ်လ မှစတင်၍ ရောဂါဖြစ်ပွားမှုတွေ့ရှိခဲ့ပြီး၊ လူနာအခြေပြုကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ပေးခဲ့ကြောင်း၊ သွေးလွန်တုပ်ကွေးရော ဂါဖြစ်ပွားမှု မရှိစေရေးအတွက် သတ်မှတ်ရက်အလိုက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် သိရသည်။

 

နေဝင်းမြင့်