မိုင်းဆတ်  ၂၁  ဇူလိုင် 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် စာသင်ကျောင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ပြီး သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား ကျောင်းသူများကို နှာခေါင်းစည်း(Mask)များနှင့် Face Shield များ တပ်ဆင်လာစေခြင်း၊ ကျောင်းဝင်းအတွင်းမဝင်မီ တာဝန်ကျ ဆရာ၊ ဆရာမများက ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်းနှင့် လက်ဆေးဘေစင်များတွင် လက်ဆေးသန့်စင်စေပြီး စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ကျောင်းသူ ဦးရေ(၂၀) ကန့်သတ်၍ တက်ရောက်သင်ကြားစေသည်။ 

 

မိုင်းဆတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade-11 ကျောင်းသား ကျောင်းသူ (၁၄၉)ဦးနှင့် Grade-10 ကျောင်းသား ကျောင်းသူ(၁၈၆)ဦးရှိခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade-11 ကျောင်းသား ကျောင်းသူ (၁၈၃)ဦးနှင့် Grade-10 ကျောင်းသား/သူ (၁၈၇)ဦးရှိရာ နှစ်သုတ်တက် တစ်ပတ်ခြားစနစ်ဖြင့် Grade-11 ကျောင်းသား/သူများကို ဇူလိုင် ၂၁ ရက်မှစတင်၍ နံနက် ၇ နာရီခွဲမှ နံနက် ၁၁ နာရီခွဲအထိ သင်ခန်းစာများ သင်ကြားပို့ချလျက်ရှိပြီး Grade-10 ကျောင်းသား ကျောင်းသူများအား ဇူလိုင် ၂၇ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်မောင်(ပြန်/ဆက်)