ဖလမ်း ၂၁ ဇူလိုင်
ဖလမ်းမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး စနစ်တကျဖြင့် ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီမှ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
ကိုဗစ်-၁၉ ကာလ ကျောင်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး ဖလမ်းမြို့၊ အမှတ်(၃)အခြေခံ ပညာအထက် တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဗန်နိုင်သျှန်းက “ကျွန်မတို့ ဒီနေ့ကလေးတွေ ကျောင်းစလာချိန်မှာဆိုရင် ကလေးတွေကို အရင်ဦးဆုံး လက်ဆေးခိုင်းပါတယ်။ လက်ဆေးပြီးရင်တော့ ကိုယ်အပူချိန်တိုင်းပေးပါတယ်။ အဲဒါပြီး ရင် သက်ဆိုင်ရာအခန်းတွေမှာ ဝင်ခိုင်းပါတယ်။ စာသင်ခန်းတစ်ခန်းမှာဆိုရင် ပျမ်းမျှအားဖြင့် အယောက် (၂၀) ထားပေးပါတယ်။ တစ်ရက် စာသင်ချိန်မှာဆိုရင် အချိန်က(၄)နာရီဖြစ်ပါတယ်။ စာသင်ချိန်ကတော့ (၅)ချိန်ရှိပါတယ်။ အဲဒီ(၅)ချိန်မှာဆိုရင် ပထမချိန်နှင့် ဒုတိယချိန်ပြီးလို့ရှိရင် (၁၀)မိနစ်ကတော့ ကလေးတွေ သူတို့ထိုင်တဲ့ နေရာမှာတင် သူတို့ယူလာတဲ့ မုန့်တွေစားရမယ့်အချိန်ဖြစ်ပါတယ်။ နောက်နှစ်ချိန် တတိယချိန်နှင့် စတုတ္ထချိန်တက်မယ်။ အဲဒါပြီးလို့ရှိရင် (၅)မိနစ် နားချိန်ဖြစ်ပါတယ်။ နောက် ပဉ္စမချိန်ပြီးလို့ရှိရင် ညနေ(၁)နာရီဆိုရင် ညနေကျောင်းဆင်းချိန် ဖြစ်ပါတယ်လို့” ပြောသည်။
ဖလမ်းမြို့နယ်အတွင်း အထက်တန်းအဆင့် ကျောင်း(၃၂)ကျောင်းမှ (၇)ကျောင်းကိုသာ ဖွင့်လှစ်ကာ ကျောင်းသား ကျောင်းသူများကို ကျောင်းတက်လာချိန်တွင် လက်ဆေးစေခြင်း၊ Face Shield(၁)ခုစီ၊ ပါးစပ် နှာခေါင်းစည်း (၂)ခုစီတို့ကို ဖြန့်ဝေပေးပြီး တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ (၆)ပေအကွာတွင် နေထိုင်ရန် အသိပေးထားကြောင်းနှင့် ကျောင်းဖွင့်လှစ်မှု အခြေအနေများကို ဖလမ်းမြို့နယ် ပညာရေးမှူး ဒေါ်ငွန်ပဲင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်


