မင်းတပ် ၂၁ ဇူလိုင်
မင်းတပ်မြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စတင်ဖွင့်လှစ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားခြင်းရှိ/မရှိ ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဦးမောင်ထူးနှင့်အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျောင်းစစ်ဆေးချက် (၈၈)ချက်နှင့်အညီ အ.ထ.ကကျောင်းများသို့ ကွင်းဆင်းစစ်ဆေးမှုအခြေအနေကို ခရိုင်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်က " အထက်တန်းကျောင်းတွေ အနေနဲ့တော့ ပြင်ဆင်ထားမှုတွေရှိပါတယ် ၊ ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးပြီး အဆင့်(A),(B),(C)ဆိုပြီး သတ်မှတ်တယ်၊ (A)အဆင့်မရသေးတဲ့ ကျောင်းတွေကိုထပ်ပြီးပြင်ဆင်ထားဖို့ မှာထားတယ်၊ တစ်ပတ်တစ်ခါ ကွင်းဆင်းစစ်ဆေးပေးမှာ ဖြစ်ပါတယ်၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ အနေနဲ့တော့ (A)အဆင့်နဲ့ ဖွင့်လှစ်ခွင့်ရတာ Grace ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းပဲရှိပါသေးတယ်" ဟုပြောကြားသည်။
မင်းတပ်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၁၄)ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၁၁)ကျောင်း ရှိသည့်အနက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းသာ (A)အဆင့် သတ်မှတ်ချက်ပြည့်မီ၍ ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ စာသင်ခန်းပေါင်း(၂၀) တွင် ကျောင်းသား/သူ(၃၆၇)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)


