မော်လမြိုင် ၂၁ ဇူလိုင်

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP)အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် Cash For Work စီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(Village Revolving Fund Project)များကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်(၁၀)မြို့နယ်တွင် CFW စီမံကိန်းဝင်ကျေးရွာ (၁၁၀) နှင့် VRFP စီမံကိန်းဝင်ကျေးရွာ (၇၀) တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရသည်။

 

စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများသို့ မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင်၊  ပြည်နယ်အင်ဂျင်နီယာများ၊ သက်ဆိုင်ရာမြို့နယ်မှူးများနှင့် တာဝန် ရှိသူများတို့သည် ဇူလိုင်(၂၀)ရက်က ဘီလင်းမြို့နယ် ဇီးဝန်းကျေးရွာတွင် CFW စီမံကိန်းဖြင့် ဆောင် ရွက်ရန် အဆိုပြုထားသည့် ရွာအဝင်လမ်း မြေသားခင်းခြင်းနှင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်း၊ ကြက် ခြေခက်ကျေးရွာ CFW စီမံကိန်းဖြင့် ဆောင်ရွက်မည့် ကျေးရွာတွင်းလမ်း ရေမြောင်းတူးခြင်းနှင့် ကျောက် ရောမြေခင်းခြင်းလုပ်ငန်း၊ သစ်ချတောင်ကျေးရွာ CFW စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာ တွင်းလမ်း ရေမြောင်းတူးဖော်ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်း၊ ကျိုက်ထိုမြို့နယ် သရက်ကုန်း ကျေးရွာ CFW စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရွာလယ်လမ်းဘေးဝဲယာ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှု၍ စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

အဆိုပါ CFW စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) တို့ကို ကျေးလက်ပြည်သူ များအား ဗဟိုပြုလျက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လိုအပ်သော နည်းပညာအကူအညီများပံ့ပိုး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေလင်း