ထားဝယ် ၂၁ ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထ(၁)နှစ်တာကာလ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးစားပေးမှုဖြစ်သော တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းရေး၊ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေး စသည့် မူဝါဒကြီး(၃)ရပ်အပြင် နိုင်ငံတော်၏ စီးပွားရေး မူဝါဒ ၁၂ ချက်ကို အထောက်အကူပြုစေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစားပေးလုပ်ငန်းစဉ် ၁၂ ချက်ကို ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စတုတ္ထ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြသွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မျက်မှောက်ကာလတွင် ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်၊ မြန်ဆန်စွာ ဝန်ဆောင်မှု ပေးနိုင်ရန်၊ ဌာနဆိုင်ရာဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းစဉ်များအား ပြည်သူများက လွယ်ကူစွာသိရှိပြီး ပြည်သူများနှင့် ဌာနဆိုင်ရာများအကြား အပြန်အလှန် လေးစားယုံကြည်အားကိုးမှုများ တိုးပွားလာစေရန်နှင့် ပြည်သူလူထုအတွက် ရိုးရှင်းသည့်၊ လွယ်ကူသည့် စိမံခန့်ခွဲမှု၊ ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ရည်ရွယ်၍ တိုင်းဒေသကြီးဌာနဆိုင်ရာ လုပ်ငန်းများ၊ စနစ်တကျ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ Standard Operating Procedures (SOP)စာအုပ်များအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလနှင့် နိုဝင်ဘာလတို့တွင် (၂)ကြိမ်တိုင်အောင် ပုံနှိပ်ထုတ်ဝေ၍ ဖြန့်ဝေဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တက်ညီလက်ညီ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ပြည်သူများအတွက် စတုတ္ထ(၁)နှစ်တာ ကာလအတွင်း သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော သတင်းမီဒီယာများနှင့် သတင်းစာဆရာကြီးများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  သတင်းမီဒီယာများနှင့် သတင်းစာဆရာကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး (ပြန်/ဆက်)