နေပြည်တော် ၂၁ ဇူလိုင်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် မင်းတပ်- ဘော(၃)- ယှက်- ယာယော- လုပ်ရှဲ- ခွဲလုံ- ရှစ်မွေး ကျေးရွာချင်းဆက်လမ်း (၂၁/၀)မိုင်အနက်မှ (၇/၀)မိုင် ကျောက်ခင်းပြီး ကျန်(၁၄/၀)မိုင် အနက်မှ (၂/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးမင်းအုန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယခု ဖောက်လုပ်လျက်ရှိသည့် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးပါက ပတ်ဝန်းကျင် ကျေးရွာ (၁၇)ရွာ၊ အိမ်ခြေ (၇၈၅)လုံး၊ လူဦးရေ (၄၀၆၂)ဦး တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရှိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်အတွင်း၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် လမ်း/တံတားလုပ်ငန်း (၄၄)ခု၊ ရေရရှိရေးလုပ်ငန်း (၄)ခု၊ ထောက်ပံ့ရန်ပုံငွေဖြင့် လုပ်ငန်း (၁)ခု၊ ဖြည့်စွက်ရန်ပုံငွေဖြင့် လုပ်ငန်း (၄)ခု၊ အရေးပေါ်ရန်ပုံငွေဖြင့် လုပ်ငန်း (၁)ခု စုစုပေါင်းလုပ်ငန်း (၅၄)ခု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


