နောင်မွန် ၂၁ ဇူလိုင်

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် စိုက်ပျိုးရေးရုံး၌ ဓာတုကင်းစင်ရေးဇုန် ဖြစ်ရေးအတွက် သဘာဝဓာတ်မြေသြဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီက မြို့နယ် စိုက်ပျိုး‌ရေးရုံး၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ နောင်မွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှု တိုးမြင့်လာစေရန်၊ ထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်းမွန်လာစေပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်မှု တိုးတက်လာစေရန်၊ အစားအစာ ဘေးကင်းလုံခြုံမှုနှင့် အာဟာရပြည့်ဝရေး အတွက် ပံ့ပိုးပေးနိုင်ရန်၊ စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်၍ ပထမအကြိမ်အဖြစ် လက်တွေ့သရုပ်ပြ သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးသည်။

 

ထို့နောက် စိုက်ပျိုး‌ရေးဝန်ထမ်းများက မြို့‌ပေါ်ရပ်ကွက်များမှ တောင်သူ(၁၀)ဦးနှင့်အတူ ကျေးရွာစွန့်ပစ်အမှိုက်ဖြင့် လယ်ယာမြေရတနာသိုက်အဖြစ် အသုံးပြုနိုင်သော ဒိုချက်ကင် သဘာဝမြေသြဇာနှင့် အီးအမ်ဘိုကာရှီ မြေဆွေး ပြုလုပ်သုံးစွဲနည်းများအား လက်တွေ့ပြုလုပ် ပြသခဲ့သည်။

 

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစကျော်သက်နှင့် ဝန်ထမ်းများက တက်ရောက်လာသော တောင်သူများအား ဒိုချက်ကင်သဘာဝမြေသြဇာနှင့် အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်း လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ကာလ ပြီးဆုံးပါကလည်း ကျေးရွာများသို့ ကွင်းဆင်း၍ တောင်သူများအား ဆက်လက်၍ နည်းပညာများ ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

 

ဆန်းညွန့်(ပူတာအို)