သံဖြူဇရပ် ၂၁ ဇူလိုင်
မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် စာသင်ကျောင်းများကို၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။
ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျောင်းသား ကျောင်းသူများအား နှာခေါင်းစည်း (Mask) များနှင့် (Face Shield) များ တပ်ဆင်၍ ကျောင်းခန်းတွင်းသို့ မဝင်မီ အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်းများ စနစ်တကျပြုလုပ်စေပြီး စာသင်ခန်းအတွင်း တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာဖြင့် တစ်ခန်းလျှင် ကျောင်းသားဦးရေ ၂၀ ထားရှိကာ ပညာသင်ကြားစေကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် အထက်တန်းကျောင်း (၁၀)ကျောင်း အထက်တန်းကျောင်းခွဲ (၄)ကျောင်းကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဇူလိုင် ၂၁ ရက်မှစတင်၍ တစ်ရက်လျှင် စာသင်ချိန် ၄ နာရီဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade 11 (ဒသမတန်း) ကျောင်းအပ်နှံသူ (၁၁၅၅)ဦး၊ Grade 10 (နဝမတန်း) ကျောင်းအပ်နှံသူ (၁၆၆၇)ဦးရှိရာ ယနေ့တွင် ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူ စုစုပေါင်းမှာ (၁၂၈၃)ဦးရှိကြောင်း၊ ကျန်ကျောင်းသား ကျောင်းသူများမှာ ခရီးလွန်နေသူနှင့် ကျန်းမာရေးအခြေအနေများကြောင့် ကျောင်းတက်ရောက်မှု မရှိသေးကြောင်းနှင့် လာမည့်ကျောင်းဖွင့်ရက်များတွင် ဆက်လက်ကျောင်းတက်ကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ခိုင်ထံမှ သိရသည်။
အေးအေးသီ(သံဖြူဇရပ်)


