နေပြည်တော် ၂၁ ဇူလိုင်

 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်ရယူထားပြီး စည်းကမ်းချက်သတ်မှတ် ကာလ(၄)နှစ်ပြည့် မြောက်ပြီးချိန်အထိ မြေပြင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိသော လုပ်ကိုင်ခွင့်ချထားမြေများအား ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ထားသော မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေးလုပ်ငန်းများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်ရသူများထံမှ မြေခွန်တော်ကြွေးကျန်များ ပြေကြေစွာကောက်ခံရရှိရန် လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန် ဥပဒေပြဋ္ဌာန်းချက်အတိုင်း တိတိကျကျ ဆောင်ရွက်ရန် လိုအပ်ချက်များကို အသေးစိတ်ဆွေးနွေးမှာကြားသည်။

 

အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန်ခွဲရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက်ကြပြီး ဗဟိုကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်းအလိုက် သုံးသပ်ဆွေးနွေးကြသည်။

 

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းများ၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ ထိရောက်မှန်ကန်စွာ အသုံးပြုလုပ်ကိုင်နိုင်ကြစေရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီအဖွဲ့က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံဆောင်ရွက်လျက်ရှိသည်။

 

ယခင် အစိုးရကာလ ဗဟိုအဖွဲ့က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုထားခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်၊ အထူးအဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက်များအရ ယခင်ခွင့်ပြုဧရိယာ (၂၃၄၂၆၀၀)ဧကအနက် သတ်မှတ်ကာလအတွင်း လုပ်ငန်းဖော်ထုတ် လုပ်ကိုင်ခြင်းမရှိသည့် (၁၆၄၅၀)ဧကအား ပြန်လည်သိမ်းဆည်းရန် ယနေ့အစည်းအဝေးက ဆုံးဖြတ်ခဲ့သဖြင့် စည်းကမ်းချက်နှင့် ညီညွတ်မှုမရှိ၍ ပြန်လည်သိမ်းဆည်းခဲ့သည့် မြေဧရိယာ စုစုပေါင်းမှာ (၁၅၆၇၆၁၉ ဒသမ ၁၃)ဧက ရှိပြီဖြစ်သည်။ လုပ်ငန်းဖော်ထုတ် လုပ်ကိုင်လျက်ရှိသော ဧရိယာများအား ၂၀၁၂ ခုနှစ် ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ယင်းဥပဒေ စတင်အသက်ဝင်သည့် နေ့မှစ၍ နောက်ကြောင်းပြန် ကောက်ခံသွားရန် မြေခွန်ကောက်ခံခြင်း နည်းဥပဒေ ၂ (ခ) အရ အထူးအဖွဲ့များ ဖွဲ့စည်း၍ မြေပြင်အမှန်စိုက်ဧကများ သိရှိရန် စိစစ်ဆောင်ရွက်ပြီး အမှန်စိုက်ဧကကို စည်းကြပ်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်