ရန်ကုန် ၂၁ ဇူလိုင်
ဇူလိုင် ၁၉ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေဂဲရေဆိုးထုတ် ရေတံခါးအနီး တာရိုးကျိုးပေါက်မှု ဖြစ်ပွားခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဇူလိုင် ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်သီလွင်နှင့် တာဝန်ရှိသူများ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ဦးလင်းဘုရား ယာယီရေဘေး ရှောင်စခန်းရှိ အိမ်ထောင်စု (၁၅၁)စုနှင့် ရန်အောင်မြင်ဘုရား ယာယီရေဘေးရှောင် စခန်းရှိ အိမ်ထောင်စု (၁၁၅)စုတို့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့သော တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း (၂၆၆)ပုံးတို့အား လည်းကောင်း၊ ဇူလိုင် ၂၁ ရက်တွင် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးခင်မောင်ချိုနှင့် အဖွဲ့သည် ရှင်ပင်ဆပ်သွား ယာယီရေဘေးရှောင်စခန်းရှိ အိမ်ထောင်စု (၁၈၀)အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၈၀)ပုံးအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အသင်းဌာနချုပ်အနေဖြင့် အရေးပေါ် ကူညီထောက်ပံ့ပစ္စည်းများကို ဆက်လက် ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းအောင်(MRCS)


