ဇွန်၊ ဇူလိုင် ဩဂုတ် မိုးရာသီကာလတွင် ရေကြီးရေလျှံ၊ မြေပြို၊ တောင်ပြို၊ မိုးကြိုးပစ်တတ်သည့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်နှစ်တိုင်း သတိပြုရပေသည်။ ယခုနှစ်တွင် တောင်ပြို၊ မိုးကြိုးပစ်သည့် သဘာဝဘေးအန္တရာယ်တို့ကိုကြုံတွေ့ခဲ့ရပြီးရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ် တို့ကို ဆိုးဆိုးရွားရွား မကြုံတွေ့ရသေးပေ။ သို့သော် ကမ္ဘာမြေအမြင့်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် ရေကြီးရေလျှံမှုအန္တရာယ်ကို နိုင်ငံအချို့နှင့် မြန်မာပြည်အထက်ပိုင်းတွင် စတင်ကြုံတွေ့နေရပေသည်။
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ ဆင်ဘို၊ ရွှေကူ စသည့်မြို့များ နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအချို့တွင် ဧရာဝတီ မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံဖြစ်မှုများ ကြုံတွေ့နေရပေသည်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများသည် မြစ်ရေအမြင့်ဆုံး တက်တတ်သည့်ကာလ များဖြစ်၍ အထူးသတိထားရပေမည်။ ၁၉၇၉၊ ၁၉၈၈၊ ၂၀၀၄၊ ၂၀၁၂၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့နှင့် ၂၀၁၉ ခုနှစ်တို့တွင် မြစ်ချောင်းရေများ စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့သောကြောင့် အထက်ပါဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
ယခုနှစ် ဇူလိုင်လအတွင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ အထက်ပိုင်းတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မြစ်ကမ်းဒေသ အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသော ပြည်သူများအား အထူးသတိပြုနေထိုင်ကြရန် ကြိုတင်သတိပေးနှိုးဆော်ခြင်း၊ အသိပညာပေးခြင်း၊ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများအသီးသီးတို့ ပူးပေါင်း၍ ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် နေရာကွက်၍ မိုးကြီးမှုများကြောင့် ယခုရက်သတ္တတစ်ပတ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာခဲ့ရာ ရေဝင်ရောက်လာသည့် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လိုအပ်သည့်ပစ္စည်းများကို လည်း ထောက်ပံ့ကူညီပေးလျက်ရှိသည်။
သက်ဆိုင်ရာအဖွဲ့ အစည်းများအနေဖြင့် ယခင်ကဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုဖြစ်စဉ်များကို အခြေခံ၍ ဖြစ်ပွားတတ်သည့် ကချင်ပြည်နယ် အတွင်းရှိမြို့နယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရ၊ စဉ့်ကိုင်၊ တံတားဦး၊ကျောက်ဆည်၊ တောင်သာနှင့် မြစ်သားမြို့နယ်များတွင် ရေဘေးကာကွယ်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ လာမည့်ရက်များအတွင်း မြစ်ရေအခြေအနေ စိုးရိမ်ရေမှတ်ရောက်ရှိမည်ဖြစ်၍ မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် မြစ်ရေကြီးမှု သတိပေးချက်များကို အထူးသတိပြုမှတ်သားလိုက်နာကြရန် လိုပေသည်။ သက်ဆိုင်ရာဌာနက ထုတ်ပြန်ထားသော ရေဘေးကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အချက်အလက်များကို လေ့လာသတိပြုလိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည်။
ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေစဉ်တွင် ကိုဗစ်-၁၉ကာလ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ကြရန်လိုပြီး သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်း များနှင့် ပြည်သူများအားလုံးပူးပေါင်း၍ တက်ညီလက်ညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ပေသည်။ မိုးရွာသွန်းမှုအခြေအနေသည် လာမည့်ရက်ပိုင်းတွင် ပုံမှန်ရွာသွန်းမြဲအခြေအနေရှိလာနိုင်သောကြောင့် ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ယခုနှစ်တွင် စိုးရိမ်မှုသာလွန်ဖွယ်မရှိဟု ခန့်မှန်းရသည်။
သို့ဖြစ်ရာ ရေကြီးရေလျှံမှုများသည် ယခုကဲ့သို့ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော နှစ်စဉ်သဘာဝဘေးဖြစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ကျော်လွှားလွန်မြောက်နိုင်ပြီး မိုးရာသီတွင် ဖြစ်ပွားတတ်သော သဘာဝဘေး၊ ရောဂါဘေးတို့ကို သတိမပြတ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရေကြီးရေလျှံကာလတွင် လက်ရှိကြုံတွေ့နေသော ကိုဗစ်-၁၉ ရောဂါဘေး မှာလည်း မပြီးပြတ်သေးသည့် အရေးကြီးသော ရောဂါအန္တရာယ်ဖြစ်၍ ယင်းကို မျက်ခြည်မပြတ်သတိကပ်ကာ သက်ဆိုင်ရာအဖွဲ့ အစည်းများက ထုတ်ပြန်ထားသည့်ကြားချက်များကို အလေးထားလိုက်နာဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ