မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိမ့်ဝင်ရာမှ တာရိုးကျိုးပေါက်ပြီး မန္တလေး - စစ်ကိုင်း ကားလမ်း ပြတ်တောက်သွားခဲ့မှုက ယခုနှစ်အဖို့ သဘာဝဘေးအန္တရာယ်ကို အချက်ပေးခေါင်းလောင်း ထိုးလိုက်ခြင်း ပင်ဖြစ်သည်။ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှု အခြေအနေမြင့်မားသည့် မြန်မာနိုင်ငံတွင် ရေကြီးရေ လျှံခြင်း၊ မြစ်ကမ်းပါးပြိုခြင်း၊ မိုးခေါင်၍ ရေပြတ်လပ်မှုဖြစ်ပေါ်ခြင်းကဲ့သို့ ရေနှင့်ပတ်သက်သည့် သဘာဝ ဘေးအန္တရာယ် များကို နှစ်စဉ်အများဆုံး ကြုံတွေ့နေရသည်။
ရေကြီးရေလျှံမှု သို့မဟုတ် ရေဘေးအန္တရာယ်သည် မြန်မာနိုင်ငံ အဖို့ယခင်ကတည်းကပင်မကြာခဏ ဆိုသလို ကြုံတွေ့ ခံစားခဲ့ရသော ဘေးအန္တရာယ်ဖြစ်ပြီး လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ ဆက်တိုက် ဆိုသလို ကြုံတွေ့ လာရပြီဖြစ်သည်။ ၂၀၁၅ ခုနှစ်က ဖြစ်ပေါ် ခဲ့သည့် ရေဘေးသည် တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ် မှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ခံစားခဲ့ကြ ရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ အဆိုးဆုံးခံစားခဲ့ရပြီး လူ ( ၁၀၀ကျော်သေဆုံးကာ လူ ၁ဒသမ၆သန်းကျော် ရေဘေးဒုက္ခခံစားခဲ့ ရသည်။ လမ်း ၇၆ လမ်းနှင့်တံတား စင်းရေ ၁၀၀ နီးပါးပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၆၅ ဘီလီယံခန့် ရှိခဲ့သည်။ ရေဘေး အန္တရာယ် ကြောင့် နှစ်စဉ်သီးနှံစိုက်ခင်းများ၊ မွေးမြူရေးတိရစ္ဆာန်များ၊ လမ်းပန်း ဆက်သွယ် ရေးများ၊ လူနေအိုးအိမ်များ ပျက်စီးမှု၊ ကူးသန်းရောင်းဝယ်မှုများ ရပ်ဆိုင်းသွားမှု၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ဘတ်ဂျက် သုံးစွဲရမှုများ တန်ဖိုးတို့ကို တွက်ချက်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ထိခိုက်မှုအတိုင်း အတာ မည်မျှရှိမည်ကို သိရှိနိုင် မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းမှာ ယေဘုယျ အားဖြင့် မိုးရာသီကာလများဖြစ်ပြီး မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခြင်းများ ဖြစ်ပေါ်ပါက နိုင်ငံအနှံ့အပြားတွင်ရှိသော မြစ်ချောင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ရေဘေးအန္တရာယ်ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့သည့် ၂၀၁၅ ခုနှစ်က မိုးများသည့်ကာလတွင် ဆိုင်ကလုန်းမုန်တိုင်းကပါ ထပ်ဆင့် ဝင်ရောက်ခဲ့ပြီး ရေကြီးမှုကို ဆိုးရွားအောင် အားဖြည့်ပေးသကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းပင်ဖြစ်ရာ မိမိတို့ နိုင်ငံအနေဖြင့် ရာသီကာလ ရောက်တိုင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ရေဘေးအန္တရာယ်ကို ကြိုတင်မျှော်လင့်ပြင်ဆင်ထားရမည်သာဖြစ်သည်။ ယခုနှစ်အဖို့ ထူးခြားချက်မှာမူ အခြားသဘာဝဘေးတစ်ခုဖြစ်သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကျရောက်နေချိန်ဖြစ်ပြီး ရောဂါပျံ့နှံ့မှု ကာကွယ် ထိန်းချုပ်ရေးဆောင်ရွက်နေရ သည့်အချိန် လည်းဖြစ်ရာ ရေဘေး အန္တရာယ်ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည့် အခြေအနေရှိနေခြင်းပင် ဖြစ်သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် နှစ်စဉ်ဖြစ်လာနိုင်ဖွယ်ရှိသည့် သဘာဝဘေး အန္တရာယ် များ အတွက် ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်း အဝေးများကို နှစ်စဉ် နှစ်ကြိမ်ကျင်းပလေ့ရှိရာ ယခုနှစ် ၁/၂ဝ၂ဝ အစည်းအဝေးကို ပြီးခဲ့သည့် မေလအတွင်း ကျင်းပခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေး၊ လုံခြုံရေး၊ ကြိုတင်ကာကွယ်ရေး၊ အရေးပေါ် တုံ့ပြန်ရေး၊ ပညာပေးရေး၊ အချိန်နှင့်တစ်ပြေးညီ ကြိုတင်သတိ ပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ သဘာဝဘေးအန္တရာယ် အမျိုးမျိုးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီအနေဖြင့် ကြိုတင်ပြင်ဆင်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ခဲ့သလို အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံအနီးတွင်တာရိုးကျိုးပေါက် မှုကြောင့် ရပ်ကွက်လေးခုမှ အိမ်ထောင်စုများ ရေဘေးရှောင်ကြရာ တွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေးကိုပါ တစ်ပါတည်း ဆောင်ရွက် ခဲ့ရသည်။
သဘာဝဘေးအန္တရာယ်များမှာ ရှောင်လွှဲ၍ မရဘဲ ကြိုတင် ပြင်ဆင်မှုများဖြင့်သာ ရင်ဆိုင်ကြရသည်။ မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ် တွေ့ကြုံခံစားရမှုနှင့် ထိခိုက်နိုင်မှု မြင့်မားသည့် နိုင်ငံဖြစ်သည့်အလျောက် ကြိုတင်ပြင်ဆင်၍ ရင်ဆိုင်ကျော်လွှား ကြရမည်သာဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကို ခံစားရမည့် သူများမှာ ပြည်သူများ သာဖြစ်သည့်အလျောက် သဘာဝဘေး အသိပညာ၊ ကျန်းမာရေးအသိပညာ မြင့်မားစွာဖြင့် ရင်ဆိုင် တုံ့ပြန်နိုင်ကြ ပါစေကြောင်း။ ။