ထင်ပေါ်ဝင်း(ကမာရွတ်)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ဝင်ရောက် ဆိုက်ကပ်မည့် ပင်လယ်ကူး သင်္ဘောကြီးများအား ရေစူးမီတာ ပိုမိုတိုးမြှင့်သတ်မှတ်ပေးထားကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။
ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်မည့် သင်္ဘောကြီးများအား ယခင်က ရေစူး ၉ မီတာအနက် ရှိသော သင်္ဘောကြီးများကိုသာ ခွင့်ပြုပေးခဲ့သော်လည်း ဇူလိုင် ၁ ရက်မှ စတင်ကာ အပြင်ပိုင်း သီလဝါဆိပ်ကမ်း တွင် ဆိုက်ကပ်မည့်သင်္ဘောများအား ရေစူး ၉ ဒသမ ၅ မီတာအထိ လည်းကောင်း၊ အတွင်းပိုင်း ရန်ကုန် ဆိပ်ကမ်းများတွင် ဆိုက်ကပ်မည့် သင်္ဘောများအား ရေစူး ၉ ဒသမ ၃ မီတာအထိ လည်းကောင်း ပိုမိုတိုးမြှင့်သတ်မှတ် ပေးထားကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ တာဝန်သည် ရေယာဉ်ကြီးများ ဆိပ်ကမ်းနယ်နိမိတ်အတွင်း ဝင်ရောက် သည့်အခါ ရေကြောင်းအန္တရာယ်ကင်းရှင်းစွာ ဝင်ရောက် ဆိုက်ကပ်နိုင်ရေးအတွက် ဝန်ဆောင်မှုပေးသော ဌာနကြီး ဖြစ်ရာ ရေလမ်းကြောင်းကောင်းမွန်စေရေးအတွက် ထိန်းသိမ်းသည့် သောင်တူးဖော်ခြင်းနှင့် အကြီးစား သောင်တူးဖော်ခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လေ့လာရေးအဖွဲ့မှ နှစ်ပတ်လျှင်တစ်ကြိမ် အတွင်းစည်းခုံကို လည်းကောင်း၊ တစ်လတစ်ကြိမ် အပြင်စည်းခုံကိုလည်းကောင်း ပုံမှန် တိုင်းတာပြီး ရေစူးကျလာပါက သောင်တူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ပြည်တွင်း သောင်တူးသင်္ဘောများအနေဖြင့် တစ်ခေါက် လျှင် တန်တစ်ထောင်ခန့်သာ တူးဖော်နိုင်ပြီး လက်ရှိ ငှားရမ်းလုပ်ကိုင်နေသော Starhigh Asia Pacific PTE LTD မှ သောင်တူးသင်္ဘောမှာ တန် ၅၀၀၀ အထိ တူးဖော်နိုင်ကြောင်း သိရသည်။
ပင်လယ်ကူး ကုန်တင်သင်္ဘောကြီးများအနေဖြင့် ရေစူးတစ်စင်တီမီတာပိုမိုရရှိသည်နှင့်အမျှ အချို့သင်္ဘော များသည် ကုန်တန်ချိန် ၂၉ တန် ပိုမို၍လည်းကောင်း၊ အချို့သင်္ဘောများသည် တန် ၅၀ ပိုမို၍ လည်းကောင်း တင်ဆောင်နိုင်ပြီး ကုန်တန်ချိန် ပိုမိုတင်ဆောင်နိုင်သည် နှင့်အမျှ နိုင်ငံတော်အနေဖြင့် ဆိပ်ကမ်းအခွန်အခ များ ပိုမိုရရှိနိုင်ကြောင်း သိရသည်။ Starhigh Asia Pacific PTE LTD အနေဖြင့် ၂၀၁၈ ခုနှစ်မှ ၅ နှစ်စီမံကိန်းဖြင့် အကြီးစား သောင်တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရ သည်။ ။

မြန်မာ့အလင်း ယနေ့ရန်ကုန်