ကျောက်ပန်းတောင်း ၂၂ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသထွက် နဂါးမောက် သီးများ လှိုင်လှိုင်ပေါ်ချိန် တစ်ကီလိုလျှင် ငွေကျပ် ၆၅၀ သာ ရောင်းချနေရကြောင်း ဆင်ဆင်းကျေးရွာ နဂါးမောက် ခြံစိုက်တောင်သူ ဦးအောင်ဝင်းထံမှ သိရသည်။
ပုပ္ပားဒေသထွက် နဂါးမောက်သီးများသည် အရည်အသွေး ကောင်းမွန်သော်လည်း နဂါးမောက်သီးများ ခြံတိုင်း လှိုင်လှိုင်ထွက်ရှိချိန် ဈေးနှုန်းကျဆင်းသွားလေ့ရှိကြောင်း၊ နဂါးမောက်ခြံ စိုက်ပျိုးခြင်းအား ပုပ္ပား ကျေးရွာ၊ တောင်ကလပ် ကျေးရွာ၊ ပုပ္ပားလွင်ကျေးရွာ၊ ဆည်၊ နဂါးလည်ကျေးရွာ၊ လျှော်တော၊ ဆင်ဆင်း ကျေးရွာများတွင် စိုက်ပျိုးကြပြီး နဂါးမောက်အဖြူသီးနှင့် အနီသီးနှစ်မျိုး စိုက်ပျိုးကြကြောင်း လျှော်တောကျေးရွာ နဂါးမောက်စိုက်တောင်သူ ဒေါ်စမ်းစမ်းမြင့်က ရှင်းပြသည်။
နဂါးပင်များ နယုန်လတွင် စတင်ဖူးပွင့်ပြီး ကဆုန်လတွင် အသီးမှည့်၍ စတင်ရောင်းချရကြောင်း၊ ကဆုန်လမှ တန်ဆောင်မုန်းလ ရောက်မှသာ နဂါးမောက်သီးရာသီ ပြီးဆုံးကြောင်း ဆင်ဆင်းကျေးရွာ နဂါးမောက်စိုက် တောင်သူ ဦးအောင်ဝင်းက ပြောသည်။
နဂါးမာက်ပင်များသည် ရေကြိုက်သော်လည်း ရေဝပ်သည်ကို မနှစ်သက်ကြောင်း၊ အပင် ပင်စည်သည် နွယ်မျိုးပင်စည်ဖြစ်ကာ လေးလံခြင်းကြောင့် ကွန်ကရစ်တိုင်များဖြင့်ဖြစ်စေ၊ ခိုင်ခန့်သည့် သစ်သား တိုင်ဖြင့်ဖြစ်စေ၊ သံကြိုးတန်းကာ တစ်ပင်ခြင်းဖြစ်စေ၊ အတန်းလိုက်ဖြစ်စေ၊ စင်ခံစိုက်ပျိုးရခြင်း ဖြစ်ကြောင်း၊ နဂါးမောက်သီးများပေါ်ချိန် ဈေးနှုန်းမှာ တသမတ်တည်းမရှိဘဲ နဂါးမောက်သီး ဆွတ်ခူးသည့် အသုတ်လိုက်သာ ဈေးနှုန်းအတက်အကျ ရှိတတ်ကြောင်း နဂါးမောက်သီး တစ်ခါသီးလျှင် ဈေးနှုန်း နှစ်မျိုးရောင်း ရတတ်ပြီး တစ်ကီလို ၅၀၀ ကျပ်မှ ၁၂၀၀ ကျပ်ထိ ရောင်းချရသည်များလည်း ရှိကြောင်း၊ နဂါးမောက်သီးရောင်းချရာတွင် အွန်လိုင်းမှာသာ ဈေးနှုန်းကြီးနေခြင်းဖြစ်ကြောင်း ဦးအောင်ဝင်းက ပြောသည်။ ပုပ္ပားဒေသထွက် နဂါးမောက်သီးများ လှိုင်လှိုင်ပါ်ချိန် တစ်ကီလိုလျှင် ငွေကျပ် ၆၅၀ ကျပ်သာ ရောင်းချနေရကြောင်း ဒေါ်စမ်းစမ်းမြင့်ထံမှ သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


