တနိုင်း ၂၂ ဇူလိုင်
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ နန်ဖျက်ယန်ချောင်း ရေလျှံမှုကြောင့် ယမန်နေ့ နံနက် ၁၂ နာရီခန့်က နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း မိုင်တိုင်အမှတ် (KM-113) နှင့် (KM-114) ကြားတွင် လီဒိုလမ်းမကြီးပေါ် ရေကျော်လျက်ရှိပြီး နန်ဖျက်ယန်ကျေးရွာအတွင်းရှိ အိမ်ခြေ ၄၀ ခန့်သို့ ရေများ ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ နန်ဖျက်ယန်ကျေးရွာအတွင်း ချောင်းရေဝင်ရောက်လျက် ရှိသော်လည်း ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် မလိုအပ်သေးဘဲ လတ်တလောအချိန်တွင် သောက်သုံးရေပြတ်လတ်မှု မရှိစေရေးနှင့် စားနပ်ရိက္ခာ အခက်အခဲ မရှိစေရေးအတွက် သောက်သုံးရေ လီတာ ၂၀ ဘူးကြီး (၂၀)နှင့် ဆန်အိတ် (၅)အိတ်ကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ပေးခဲ့သည်။
နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း လီဒိုလမ်းမကြီးပေါ်တွင် ယခုအချိန် ရေကျော်လျက်ရှိသောကြောင့် ယာဉ်ကြီး/ငယ်များ သွားလာနိုင်မှုမရှိသည့်အတွက် လမ်းကြောင်းယာယီပြတ်တောက်လျက်ရှိကြောင်း သိရသည်။
ဝါဝါ (ပြန်/ဆက်)


