လှိုင်းဘွဲ   ၂၂   ဇူလိုင်

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ (၅၀၀)ကျပ်တန် ငွေစက္ကူပုံစံအသစ်ကို ဇူလိုင် ၂၁ ရက်မှစတင်ပြီး မြန်မာ့စီးပွားရေးဘဏ်များတွင် ပြည်သူများအား လဲလှယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူပုံစံအသစ်ကို အာဇာနည်နေ့အထိမ်းအမှတ် အနေဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင် ၁၆ ရက်က ပုံသဏ္ဍာန်နှင့် အမှတ်အသားများကို ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါ (၅၀၀)ကျပ်တန် ငွေစက္ကူပုံစံအသစ်၏ အရွယ်အစားမှာ အလျား(၁၅၀)  မီလီမီတာနှင့် အနံ(၇၀) မီလီမီတာ ရှိပြီး မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံနှင့် ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦပုံကို ရိုက်နှိပ်ထားကာ အရောင်မှာ နီညိုရောင်ဖြစ်ပြီး ငွေစက္ကူဆေးသား ရိုက်နှိပ်ရာတွင် ဖောင်းကြွနည်းစနစ်ဖြင့် ရိုက်နှိပ်ထားသည့်အတွက် ငွေစက္ကူ၏ တန်ဖိုးဂဏန်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာသားမှာ ပီပြင်ထင်ရှားသည့်အပြင် လက်ဖြင့်စမ်းသပ်ကြည့်ပါက ကြမ်းတမ်းမှုရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

လက်ရှိသုံးစွဲနေသော ငါးရာကျပ်တန် ငွေစက္ကူများကိုလည်း ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

လှိုင်းဘွဲ (ပြန်/ဆက်)