ဟင်္သာတ ၂၂ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစား မှုအစီအစဉ် CERP အရ မြို့ကွင်းကျေးရွာရှိ လယ်ယာမြေဧက ၅၀ ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တောင်သူများ၏ လူမှုဘဝအခက်အခဲများ အနည်းနှင့်အများ ကြုံတွေ့ နေရချိန်တွင် စိုက်ပျိုးချိန်ကာလနှင့် တိုက်ဆိုင်နေသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အစဉ်ပြေချောမွေ့စေ ရေးအတွက် ဆင်းရဲနွမ်းပါးပြီး ဆည်ရေမပေးနိုင်သော၊ တောင်သူများ စည်းလုံးညီညွတ်သော၊ စပါးတစ်မျိုးတည်းစိုက်ပျိုးသော၊ ဌာနသတ်မှတ်ထားသည့် ဆောင်ရွက်မည့်နည်းလမ်းများအတိုင်း ဆောင်ရွက်နိုင်မည့်ဒေသ စသည့် စံသတ်မှတ်ချက်များဖြင့် ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလယ်ယာမြေများကို စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၅)စက်မှု လယ်ယာစခန်း ဟင်္သာတက အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ Cash For Work စီမံကိန်းဖြင့် အလုပ်သမားများ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးထားကြောင်း အဆိုပါ စခန်း တာဝန်ရှိသူထံမှ သိရသည်။
ဟင်္သာတ မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP အရဆောင်ရွက်သည့် တောင်သူ ၁၈ ဦး ၏ လယ်ယာမြေများတွင် ဆင်းသုခမျိုးစပါးကို ယခုလပထမပတ်က စတင်စိုက်ပျိုး ခဲ့ပြီး စခန်းတာဝန်ရှိသူများက အနီးကပ်ကြပ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
ကျော်ကျော်(ပြန်/ဆက်)


