ဟားခါး ၂၂ ဇူလိုင်
ချင်းပြည်နယ်အတွင်း Mobile Tablet အသုံးပြု၍ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းပိုမိုမြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၂)များအား မွမ်းမံသင်တန်းများ ပြန်လည်ပို့ချခြင်းဆိုင်ရာ Mobile Tablet အသုံးပြုနည်း ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်းကို ယနေ့ နံနက် ၉ နာရီက ဟားခါးမြို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြည်နယ်အဆင့် ဆရာဖြစ်သင်တန်းကို မြို့နယ်(၉)မြို့နယ်တွင် တာဝန်ထမ်းဆောင် လျက်ရှိသော ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များအား Mobile Tablet အသုံးပြုနိုင်ရေးအတွက် ဗဟို အဆင့်သင်တန်း နေပြည်တော်၌ တက်ရောက်ခဲ့ကြသည့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာရန်နိုင်နှင့် လက်ထောက်ကျန်းမာရေးမှူး ဦးပီတာခိုင်ဒိတ်တုန်းတို့က ပြန်လည်ထပ်ဆင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်းတွင် မြို့နယ် (၉)မြို့နယ်မှ တစ်မြို့နယ်လျှင် သင်တန်းသားနှစ်ဦးနှုန်းဖြင့် သင်တန်းသား စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ ဇူလိုင် ၂၂ ရက်မှ ဇူလိုင် ၂၄ ရက်အထိ (၃)ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းပိုမိုမြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ် များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အခြေခံကျန်းမာရေးဝန်ထမ်းများအား Mobile Tabletများ ဖြန့်ဝေပေးလျက်ရှိရာ ချင်းပြည်နယ်အတွင်း မြို့နယ်(၉)မြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အခြေခံကျန်းမာရေးဝန်ထမ်း ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များအား Mobile Tabletများကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်တွင် (၄၉)လုံး၊ ထန်တလန် မြို့နယ်တွင်(၈၆)လုံး၊ဖလမ်းမြို့နယ်တွင် အလုံး(၁၀၀)၊ တီးတိန်မြို့နယ်တွင် အလုံး (၂၁၀)၊ တွန်းဇံ မြို့နယ်တွင် (၇၃)လုံး၊ မင်းတပ်မြို့နယ်တွင် (၁၁၉)လုံး၊ မတူပီမြို့နယ်တွင်(၁၁၂)လုံး၊ ကန်ပက်လက်မြို့ နယ်တွင် (၆၆)လုံးနှင့် ပလက်ဝမြို့နယ်တွင် (၉၆)လုံး Mobile Tablet အလုံးရေ စုစုပေါင်း(၉၁၁)လုံးကို ဖြန့်ဝေပေးခဲ့သည့်အပြင် မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် လည်းကောင်း၊ ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်းတက်ရောက်သည့် သင်တန်းသား (၁၈)ဦးအတွက် လည်းကောင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဖြန့်ဝေပေးသည့် Mobile Tabletများတွင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများကို ထည့်သွင်းပေးထားခြင်း၊ ကျန်းမာရေးဆိုင်ရာ ကြိုတင် ကာကွယ်ရေး၊ ကုသရေးများနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းအစီအမံများ စုံလင်စွာ ထည့်သွင်း ထားခြင်းဖြစ်ပြီး Mobile Tablet များကို ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်သာ အသုံးပြုရန်နှင့် Mobile Tablet များကို ထုတ်ပေးထားသည့် ကျန်းမာရေးဝန်ထမ်းများကသာ ကိုင်ဆောင်အသုံးပြုရန်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြည်နယ်အဆင့် Mobile Tablet အသုံးပြုနည်းဆရာဖြစ်သင်တန်းကို တက်ရောက် ခဲ့ကြသည့် မြို့နယ် (၉)မြို့နယ်မှ သင်တန်းသား(၁၈)ဦးတို့က အခြေခံကျန်းမာရေးဝန်ထမ်းများဖြစ်သည့် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များအား Mobile Tablet အသုံးပြုနည်းဆင့်ပွားသင်တန်းများကို မြို့နယ်အသီးသီးတွင် ထပ်ဆင့်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


