ဘားအံ ၂၂ ဇူလိုင်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်းဖြစ်သော ဘားအံ-နောင်လုံ-ဂျိုင်း ကားလမ်းပေါ်တွင်တည်ရှိသည့် နောင်လုံတံတားသစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ (၁၄) က ၂၀၁၇ ခုနှစ် ဇွန် ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန် ၅ ရက်တွင် ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးခဲ့သည့်အတွက် ခရီးသွားပြည်သူများနှင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းသာစွာဖြတ်သန်းသွားလာ အသုံးပြုနေကြသည်ကို မြင်တွေ့ရသည်။
နောင်လုံတံတားသစ်ကြီးသည် ယာဉ်သွားလမ်းအကျယ် ၄၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေစီနှင့် စုစုပေါင်းအကျယ် ၅၆ ပေရှိပြီး ဘိုးပိုင်ဖောင်ဒေးရှင်း၊ သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ ပေ ၄၀၀ အရှည်ရှိ ကွန်ကရစ် ကြမ်းခင်းနှင့် လက်ရန်းပါရှိသော တံတားတစ်စင်းဖြစ်ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း ၂၉၀၀ ခန့် အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ နောင်လုံတံတားသစ်ကြီးနှင့် လိုက်ဖက်ညီသော ချည်းကပ်လမ်းအရှည် ၅၇၃ ဒသမ ၆၃ မီတာ၊ ယာဉ်သွားလမ်းအကျယ် ၁၄ ဒသမ ၆၄ မီတာ ရှိသော ကတ္တရာကွန်ကရစ်(AC)လမ်းကို မြေသားလုပ်ငန်းဆောင်ရွက်ခြင်း၊ ကျောက်ကတ္တရာခင်းခြင်း၊ ကတ္တရာကွန်ကရစ်(AC)ခင်းခြင်း၊ ပလက်ဖောင်းလုပ်ငန်းဆောင်ရွက်ခြင်း၊ အကာအကွယ် တိုင်များစိုက်ထူခြင်းနှင့် ထိခိုက်သွားသော လယ်ယာမြေများအား မြေယာသီးနှံလျော်ကြေး ငွေပေးချေခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် လင်းငွေရောင်ကုမ္ပဏီက ကရင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သန်း ၄၇၅ ဒသမ ၆ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နောင်လုံတံတားသည် နိုင်ငံတကာဆက်သွယ်ရေး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပြီး ရှေးယခင်က ၁၇ ပေ အကျယ်သာရှိကာ သက်တမ်းအားဖြင့် ကြာမြင့်နေပြီဖြစ်၍ ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်ကြီးများ၏ အလေးချိန်ကို ခံနိုင်ဝန်အားဖြင့် စိတ်ချ၍မရတော့သည့်အတွက် ယခုကဲ့သို့ နောင်လုံတံတားသစ်ကြီးကို တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။
နောင်လုံတံတားနှင့် ချဉ်းကပ်လမ်း တည်ဆောက်ရာတွင် ဒေသခံတို့၏ လယ်မြေနှင့်ဥယာဉ်ခြံမြေအချို့ ထိခိုက်မှု ရှိခဲ့ပြီး လယ်တစ်ဧကလျှင် သိန်း(၄၀)နှုန်း ၊ ဥယာဉ်တစ်ဧကလျှင် သိန်း(၂၀၀)နှုန်းနှင့် စားပင်သီးပင်တို့၏ နှုန်းထားများကို တွက်ချက်၍ ထိခိုက်ခံစားရသော ဒေသခံပြည်သူ(၈)ဦးအား ငွေကျပ်သိန်းတစ်ရာ့ခြောက်ဆယ်ကျော်ကို လယ်ယာဥယျာဉ် ခြံမြေနှင့် သီးနှံလျှော်ကြေးငွေအဖြစ် ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ နောင်လုံတံတားသစ် တည်ဆောက်ပြီးစီးမှုနှင့်ပတ်သက်ပြီး ဘားအံမြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြည်လွင်က “ဒီနောင်လုံတံတားဟာဆိုရင် နိုင်ငံတကာဆက်သွယ်ရေး လမ်းမကြီးတစ်ဖြစ်လည်း နယ်စပ်ကုန်သွယ် ရေး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိပြီးတော့ တစ်နေ့ကို ယာဉ်ကြီးယာဉ်ငယ်အစီးရေ ၂၇၀၀ ခန့် အသုံးပြု ဖြတ်သန်းသွားလာနေတဲ့ လမ်းတစ်လမ်း၊ တံတားတစ်စင်း ဖြစ်ပါတယ်။ အရင်တံတားဟောင်းဆိုရင် ကျဉ်းတဲ့အတွက် ယာဉ်ကြီးတွေဟာ ဆိုင်ပြီးဖြတ်သန်းလို့မရပါဘူး။ ဟိုဘက်ဒီဘက် တစ်စီးပြီးမှ တစ်စီး စောင့်ဆိုင်းပြီးဖြတ်သန်းရတယ်။ အခန့်မသင့်ရင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်စေနိုင်တဲ့ နေရာတစ်ခုလို ဖြစ်နေတာပေါ့။ အခုလို နောင်လုံတံတား သစ်နဲ့ ချဉ်းကပ်လမ်းကို တည်ဆောက်ပြီးစီးခဲ့တဲ့အချိန်မှာတော့ ခရီးသွားပြည်သူတွေနဲ့အတူ ကုန်စည်စီးဆင်းမှုကို ဝန်ဆောင်မှုပေးနေတဲ့ ယာဉ်ကြီး၊ ယာဉ်ငယ်တွေဟာ ဒီတံတားကြီးပေါ်ကနေ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းကင်း ရှင်းရှင်း၊ ကျယ်ကျယ်ဝန်းဝန်းနဲ့ ဖြတ်သန်းအသုံးပြုသွားလာနေကြတာကို မြင်တွေ့ရလို့ ကျွန်တော်တို့အနေနဲ့လည်း အများကြီး ဝမ်းသာရပါတယ်” ဟု ပြောသည်။
နောင်လုံတံတားသစ်သည် ခံနိုင်ဝန်အားဖြင့် ယာဉ်တစ်စီးချင်းစီကို တန် ၆၀ အလေးချိန် ခွင့်ပြုပေးထားရာ မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ဘားအံ-ရန်ကုန်-မန္တလေး-တမူးမြို့များမှတစ်ဆင့် အိန္ဒိယနိုင်ငံထိ ဆက်သွယ်ထားသော အာရှလမ်းမကြီးပေါ်တွင်တည်ရှိကာ နိုင်ငံတကာဆက်သွယ်ရေးလမ်းပိုင်းထဲတွင် ပါဝင်သည့်အတွက် ကုန်စည်စီးဆင်းမှုတွင် အသုံးပြုနေကြသည့် နိုင်ငံတကာကုန်တင်ယာဉ်ကြီးများ အများဆုံးဖြတ်သန်းသွားလာနိုင်မည်ဟု အနာဂတ်ကာလ အတွက် မျှော်မှန်းရသည်။
ကရင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားများကို နိုင်ငံတော်အစိုးရနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့မှ အဆင့် မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး လမ်း၊ တံတားများ ပိုမိုတိုးတက်ကောင်းမွန်လာနှင့်အမျှ မြန်မာနိုင်ငံတစ်ဝန်းရှိ ခရီးသွား ပြည်သူများ၊ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ လာရောက်လည်ပတ်ရာတွင် ယခုလမ်းနှင့် တံတားကိုသာ အသုံးပြုသွားလာကြသည့်အတွက် ခရီးသည်တင်ယာဉ်နှင့်လူစီးကာများလည်း ယခင်ကထက် ဖြတ်သန်းသွားလာမှု ပိုမို များပြားလာကြောင်း သိရသည်။
ထို့အတူ နောင်လုံတံတားသစ်သည် ဒေသခံတိုင်းရင်းသားပြည်သူတို့၏ လူမှုစီးပွားဘဝများစွာကို အကျိုးပြု စေမှာဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့်ကဏ္ဍများ၊ နိုင်ငံတကာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု အပိုင်းတို့တွင် အဆိုပါတံတားကို အသုံးပြုဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး ကရင် ပြည်နယ်အတွက်သော်လည်ကောင်း၊ မြန်မာနိုင်ငံအတွက်သော်လည်ကောင်း အရေးပါသော တံတားတစ်စင်းဖြစ် လာမည်ဖြစ်သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


