လှိုင်းဘွဲ ၂၂ ဇူလိုင်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ဆောင်ရွက်ထားရှိမှုများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနှင့် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အထက(ခွဲ)၊ ဒိုင်းပြကျေးရွာ(အထက)၊ ကမော့ကချူး ကျေးရွာ(အထက)၊ အောက်ရေပူကျေးရွာ (အထက)တို့သို့ သွားရောက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှုရှိ မရှိ၊ ကျောင်းဝင်း အတွင်းနှင့် စာသင်ခန်းများတွင် သတ်မှတ်အကွာအဝေး ဆောင်ရွက်ထားရှိမှုရှိ မရှိ၊ ကိုယ်အပူချိန်တိုင်း ကိရိယာ၊ လက်ဆေးဘေစင်နှင့် ခြေနင်းအမိုက်ပုံများ ဆောင်ရွက်ထားရှိမှုရှိ မရှိ၊ နှာခေါင်းစည်းနှင့် မျက်နှာအကာများ စီစဉ်ဆောင်ရွက်ထားရှိမှုရှိ မရှိနှင့် စာသင်ချိန်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရ သည်။
ကွင်းဆင်းစစ်ဆေးမှု အနေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အထက(ခွဲ)၊ ဒိုင်းပြကျေးရွာ(အထက)၊ ကမော့ကချူး ကျေးရွာ(အထက)၊ အောက်ရေပူကျေးရွာ (အထက)တို့သို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


