တောင်ကြီး ၂၂ ဇူလိုင်
ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသို့ ငွေကျပ် သိန်း ၅၀၀၀ တတိယအကြိမ် လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် ကမ္ဘောဇအုပ်စု အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က လှူဒါန်းရခြင်းနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းက ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသို့ ငွေကျပ်သိန်း ၅၀၀၀ ကို ပေးအပ်လှူဒါန်းရာ ကော်မတီနာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တောင်ကြီးမြို့ရှိ မိုးကုတ်ဝိပဿနာ တရားစခန်းကျောင်း၌ နေရပ်ပြန်ပြည်သူများအတွက် ဖွင့်လှစ်ထားသည့် Quaratine Centre သို့ သွားရောက်၍ Quaratine ဝင်ရောက်နေသော ရှမ်းပြည်နယ်အတွင်းမှ နေရပ်ပြန်ပြည်သူများအနက် ကိုယ်ဝန်ဆောင် မိခင်များအား ပြည်နယ်ဝန်ကြီချုပ်က စားနပ်ရိက္ခာထုပ်များနှင့် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ စီတို့ကိုလည်းကောင်း၊ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းက စောင့်ကြည့်လူနာ ၁၈၀ အတွက် စားနပ်ရိက္ခာထုပ်များနှင့် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ စီတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်လှူဒါန်းသည်။
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်၏ စုစုပေါင်းလှူဒါန်းငွေကျပ်သိန်း ၁၅၀၀၀ နှင့် အများပြည်သူများ၏ လှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံနေထိုင်ရာ ဒေသများသို့ စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား စောင့်ကြည့်ရေးစခန်းများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများသို့ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို နေရာအရောက် ဆက်လက်ထောက်ပံ့ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
စိုးညွန့်ရွှေ (ပြန်/ဆက်)


