ရေစကြို ၂၂ ဇူလိုင်
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ) တာဝန်ခံနှင့် ဝန်ထမ်းများ၏ ကွင်းဆင်းသုတေသနပြုချက်အရ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း၌ ထိန်းသိမ်းရန် လိုအပ်သည့် ကုန်းဘောင်ခေတ်နှောင်းလက်ရာ သာသနိကအဆောက်အဦ ၂၈၄ ဆူကို တွေ့ရှိထားကြောင်း သိရသည်။
သာသနိကအဆာက်အဦများကို ရေစကြိုမြို့နယ် ကြက်ဆူကျင်းရွာတွင် ၃၃ ဆူ၊ အောက်နန်းရွာတွင် ၁၁၇ ဆူ၊ မအူအလယ်ရွာတွင် ၇၄ ဆူ၊ မအူအောက်ရွာတွင် ၆၀ ဆူ စုစုပေါင်း ၂၈၄ ဆူ တွေ့ရှိ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
“ကုန်းဘောင်ခေတ်နှောင်း လက်ရာတွေပါ၊ အားလုံးက သာသနိကအဆောက်အဦတွေ ဖြစ်ပါတယ်။ ဌာနရဲ့ ဥပဒေနဲ့အညီ ထိန်းသိမ်းခြင်း ပထမအဆင့်ဖြစ်တဲ့ စာရင်းကောက်ယူခြင်းလုပ်ငန်း လုပ်နိုင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံကို ခန့်မှန်းချေစာရင်းနဲ့တစ်ကွ တင်ပြပြီး ခွင့်ပြုချက်ရယူပါမယ်။ ခွင့်ပြုချက်ရတာနဲ့ တစ်ပြိုင်နက် ထိန်းသိမ်းခြင်းလုပ်ငန်းကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ) တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ) အနေဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရှေးဟောင်းအမွေအနစ်များ တိမ်ကောပျောက်ပျက်သွားခြင်း မရှိစေရန် ရည်ရွယ်၍ ကွင်ဆင်းသုတေသနပြုခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ဇေယျတု(မကွေး)


