ကမမောင်း ၂၂ ဇူလိုင်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ သံလွင်ဦးဈေးနှင့် အနီးပတ်ဝန်းကျင်ရှိ လူစည်ကားရာ နေရာများ၌ ပြည်သူများအနေဖြင့် နှာခေါင်းစည်း(Mask) တပ်ဆင်၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသန့်က ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ခံများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်းကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက် ထားရှိစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး၊ တိုက်နယ်ဆရာဝန် ဒေါက်တာ ဆုရဲထက်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ထွန်းထွန်းဝင်း၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဒေါ်စိမ်းစိမ်းနွယ်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆိုင်ရှင်များနှင့် အလုပ်သမားများအား အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)


