နေပြည်တော် ၂၂ ဇူလိုင်

 

နိုင်ငံတော်အရေးပေါ်ဆန်များ ဝယ်ယူရေး၊ သိုလှောင်ရေး၊ ဖြန့်ဖြူးရေးကိစ္စများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ကိုဗစ်-၁၉ ရောဂါဖြစ်နေသည့် ကာလတွင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက နိုင်ငံတော်အရေးပေါ်ရိက္ခာဆန် တန်ချိန် (၅၀,၀၀၀) ဝယ်ယူစုဆောင်းနိုင်ရေး စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအချိန်အထိ ဆန်တန်ချိန် (၅၀,၀၀၀) ဝယ်ယူမှုအနေဖြင့်  အားလုံးနီးပါး ပြည့်မီသွားပြီဖြစ်သည့်အတွက် ဩဂုတ် (၁) ရက်မှစ၍ Exporter များထံမှ ပို့ကုန်လိုင်စင်အပေါ် အရန်ရိက္ခာဆန်ပေးသွင်းရမှုကို  ခေတ္တရပ်ဆိုင်း သွားမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ဝယ်ယူပြီး ဆန်တန်ချိန် (၅၀,၀၀၀) ကို သင့်တင့်ဈေးနှုန်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောင်းချနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လိုအပ်ချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်