မန္တလေး ၂၂ ဇူလိုင်

 

မန္တလေးမြို့ အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး တာရိုးကျိုးပေါက်မှုကြောင့် ဝင်ရောက်ခဲ့သည့် မြစ်ရေများကို ရေစုပ်စက်များဖြင့် တစ်နာရီ ရေဂါလန် ၃ ဒသမ ၂၅ သန်းနှုန်းဖြင့် စုပ်ထုတ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

တာရိုးကျိုးပေါက်မှုကြောင့် ဝင်ရောက်ခဲ့သည့်ရေများ လျော့ကျစေရန်  ဇူလိုင် ၂၁ ရက် နေ့လယ်ပိုင်းမှ စတင်ကာ ရွှေဂဲရေဆိုးထုတ်စက်ရုံမှ ရေစုပ်စက် ၂ လုံး၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ရေစုပ်စက် ၆ လုံး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရေစုပ်စက် ၄ လုံး၊ ဆည်မြောင်းဦးစီးဌာနမှ ရေစုပ်စက် ၇ လုံးဖြင့် ရေများစုပ်ထုတ်နေရာ တစ်နာရီ ရေဂါလန် ၃ ဒသမ ၂၅ သန်းနှုန်း ပြန်လည်စုပ်ထုတ်နေပြီ ဖြစ်ကြောင်း သိရသည်။

 

“ရေစုပ်စက်တွေက တစ်နာရီကို ရေဂါလန် ၃ ဒသမ ၂၅ သန်း စုပ်ထုတ်နိုင်တဲ့အတွက် တစ်ပတ်အတွင်း ရေတွေကုန်ဆုံး ကျဆင်းသွားမယ်လို့ ရည်မှန်းဆောင်ရွက်လျက် ရှိပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ကမ်းနားလမ်း၊ ရွှေဂဲရေထိန်းတံခါး အနီးတွင် ဇူလိုင် ၁၉ ရက် ညနေပိုင်းမှ စတင်ကာ တာရိုးစိမ့်ပေါက်ကာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် တာရိုးကျိုးပေါက်မှုဖြစ်ပွားခဲ့သည်။

 

ယခုလို တာရိုးကျိုးပေါက်မှုကြောင့် အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေဝင်ရောက်ခဲ့ပြီး ဇူလိုင် ၂၁ ရက်အထိ ရေဘေးသင့်သူ တစ်သောင်းကျော်ရှိကြောင်း သိရသည်။

 

မေသက်ထား