ရန်ကုန် ၂၂ ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလဖြစ်သည့် ယခုလအတွင်း ခရီးသွားဉီးရေ ပြန်လည်များပြားလာမှုကြောင့် YBS ယာဉ်များ ၈၆ ရာခိုင်နှုန်းအထိ ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

 

“ကျွန်တော်တို့ရဲ့ ခရီးသွားဉီးရေသည် ယခင်ကိုဗစ်-၁၉ မတိုင်ခင်ကာလရဲ့ ၅၀ ရာခိုင်နှုန်းဖြစ်သော ၉ သိန်းကျော်ကို ရောက်နေပါပြီ။ ကျွန်တော်တို့ယာဉ်တွေရဲ့ ထွက်ရှိမှုကလည်း ၈၆ ရာခိုင်နှုန်းလောက် ပြန်လည်ပြေးဆွဲနေပါတယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က YRTA ရုံးအစည်းအဝေးခန်းမတွင် ယနေ့ ကျင်းပသော သတင်းမီဒီယာတွေ့ဆုံပွဲ (၈/၂၀၂၀)၌ ပြောကြားခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် တာဝန်ယူပြေးဆွဲပေးလျက်ရှိသော YBS ယာဉ်များအနေဖြင့် ဇွန်လအတွင်း ခရီးသည်တင်ယာဉ် ၃၆၆၃ စီး (၈၃ ရာခိုင်နှုန်း) ပြေးဆွဲခဲ့ပြီး ခရီးသွားပြည်သူဦးရေ ၉ သိန်း ပတ်ဝန်းကျင်သာ ရှိခဲ့ရာမှ ယခု ဇူလိုင်လအတွင်း ခရီးသွားပြည်သူ ၉ သိန်း ၅ သောင်းကျော်အထိ တိုးတက်များပြားလာခဲ့ရာ ယာဉ်လိုင်းပေါင်း ၉၆ လိုင်းခန့် ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ခရီးသွားဦးရေ ပြန်လည်များပြားလာသည့်အတွက် ယခု ဇူလိုင်လအတွင်းမှာ ယာဉ်အစီးရေ ၃၇၆၉ စီး (၈၆ ရာခိုင်နှုန်း) အထိ ပြန်လည်ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ကိုဗစ်-၁၉ ကာလအတွင်း ရင်ဆိုင်ရသော အခက်အခဲများကြောင့် အချို့ယာဉ်လိုင်းများမှာ ပြန်လည်ပြေးဆွဲနိုင်မှု မရှိသေးကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီက ရန်ကုန်မြို့တွင်း သွားလာနေသော လူဉီးရေ၏ ၈၀ ရာခိုင်နှုန်းသည် ခရီးသည်တင်ယာဉ်လိုင်းများကို မှီခိုအားထားခဲ့ပြီး YBS ယာဉ်အစီးရေပေါင်း ၄၅၀၀ ခန့်ဖြင့် ခရီးသွားပြည်သူ ၁ ဒသမ ၉ သန်းခန့်ကို နေ့စဉ်ဝန်ဆောင်မှုပေးခဲ့ရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- လင်းညွန့်