နေပြည်တော် ၂၂ ဇူလိုင်

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းများသို့ ရှောင်တခင်သွားရောက်ခဲ့ကာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နေသည့် အခြေအနေများအား လှည့်လည်ကြည့်ရှုသည်။

 

ထိုသို့သွားရောက်ခဲ့ရာတွင် ကျောင်းဝင်းအတွင်းသို့ မဝင်ရောက်မီဆောင်ရွက်မှု၊ ကျောင်းဝင်းအတွင်း ပြင်ဆင်ထားရှိမှု၊ စာသင်ခန်းများတွင် ကျောင်းသား/ကျောင်းသူများအား သင်ကြားနေမှု အပါအဝင် အခြေခံပညာ အထက်တန်းကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး စည်းကမ်းသတ်မှတ်ချက်နှင့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုသည်။

 

1

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းပေးသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ/ဆရာမများအား ယခုကဲ့သို့ ကျောင်းများတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရေးအတွက် စနစ်တကျ ဆောင်ရွက်နေမှုများအား တွေ့ရှိရသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းဝင်းအတွင်းသို့ စနစ်တကျ ခပ်ခွာခွာဖြင့်တန်းစီ ဝင်ရောက်ချိန်တွင် ဆရာ၊ ဆရာမများက လက်ကိုင် အသံချဲ့စက်များ အသုံးပြုကာ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး အသိပညာပေးအချက်များ ပြောကြားနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနထံသို့ လက်ကိုင်အသံချဲ့စက်များ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းများတွင် ကပ်ထား ရန်အတွက် ကျန်းမာရေးအသိပညာအချက်အလက် QR Code များ၊ လက်ကိုင်အသံချဲ့စက်နှင့် ပြောကြားရန် အချက်အလက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့ပင် ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ပြုလုပ်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနထံသို့ လက်ကိုင်အသံချဲ့စက် (၅,၀၀၀) ခု လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

2

 

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်-၁၉ ကပ်ရောဂါကဲ့သို့သော ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရောဂါ၏ သဘောသဘာဝ၊ ဖြစ်ပွားကူးစက်မှုပုံသဏ္ဍာန်တို့ အပါအဝင် ပြောင်းလဲလျက်ရှိသော အခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေဖြစ်စေရန် အလိုက်သင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဦးဆောင်သော ဆရာ/ဆရာမများနှင့် ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ မြန်မာ ပြည်သူလူထု၏ သိမြင်နားလည်မှု အခြေအနေဆန်းစစ်မှု သုတေသနကို မတ်လအတွင်းက ပြုလုပ်ခဲ့ပါကြောင်း။

 

ထိုသို့ သုတေသနပြုဆန်းစစ်ရာတွင် ပြည်သူများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ ရောဂါကူးစက်မှု အန္တရာယ်နှင့် ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်သော ဗဟုသုတ နည်းပါးနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အတွက် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများကို ရပ်ကွက်၊ ကျေးရွာများ၌ လက်ကိုင်အသံချဲ့စက်များ၊ အသံချဲ့စက်များကို အသုံးပြု၍ နေ့စဉ် (၅)ကြိမ် ကြေညာနှိုးဆော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ရပ်ကွက်၊ ကျေးရွာများ၌ ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများကို တစ်နိုင်လုံးအတိုင်းအတာဖြင့် ဆက်လက်ဆောင်ရွက်နေရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင်လည်း ဆရာ၊ ဆရာမများက ကျောင်းသား/ကျောင်းသူများထံ ကျန်းမာရေးအသိပညာ အချက်အလက်များကို လက်ကိုင်အသံချဲ့စက်များ အသုံးပြုကာ ပြောကြားနိုင်ရန် လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းထံသို့ လက်ကိုင်အသံချဲ့စက် (handheld speaker) (၅,၀၀၀) ခုအား လွှဲပြောင်းပေးအပ်သည်။

 

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံးက ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ လုပ်ငန်းလမ်းညွှန်များနှင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှု အချက်အလက်များကို စနစ်တကျ ထုတ်ပြန်ကာ ဆောင်ရွက်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် စည်းကမ်းသတ်မှတ်ချက်နှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလွှဲပြောင်းပေးအပ်သည့် လက်ကိုင်အသံချဲ့စက် (handheld speaker) များသည် ကျောင်းများ၌ လူစုလူဝေး မဖြစ်စေရေး၊ ခပ်ခွာခွာနေရေး၊ ပါးစပ်နှင့်နှာခေါင်းစည်း (mask) ကို စနစ်တကျတပ်ဆင်ရေးနှင့် လက်ကိုစနစ်တကျ ဆေးကြောရေးတို့အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ကျန်းမာရေးအသိပညာများ ဖြန့်ဝေရာတွင် အထူးအကျိုးရှိမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်