နေပြည်တော် ၂၃ ဇူလိုင်
ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကို အကျည်းတန်အရုပ်ဆိုးစေပြီး ပြည်သူလူထု၏ ကျန်းမာရေးကို ထိခိုက်စေသော အမှိုက်ပြဿနာသည် လူဦးရေတစ်နေ့ တခြား တိုးပွားလာကာ လူမှုစီးပွားဘဝ မြင့်မားလာသည်နှင့်အမျှ စိန်ခေါ်မှု များ တစ်စတစ်စကြီးမားလာသည်။ တစ်နေ့တခြားတိုးပွားလာသော အမှိုက်ပြဿနာကို နေ့စဉ်ဖြေရှင်း ဆောင်ရွက်လျက်ရှိသော်လည်း လျော့ကျသွားခြင်းမရှိဘဲ ကမ္ဘာမြေပတ်ဝန်းကျင်သာမက မြစ်ချောင်း ပင်လယ်သမုဒ္ဒရာများ အတွင်း၌ပါ အမှိုက်များ ပျံ့နှံ့လာသဖြင့် သက်ရှိလောကတစ်ခုလုံးအတွက် အန္တရာယ် ကြီးမားလာသည်။
အမှိုက်ဟူသည်မှာ လူတို့အသုံးပြုရန် မလိုအပ်တော့သဖြင့် စွန့်ပစ်ရ မည့်ပစ္စည်းဖြစ်ပြီး စွန့်ပစ်ရာနေရာ အမှိုက်ပုံး၊ အမှိုက်ပုံသို့ရောက်လျှင် အမှိုက်အဖြစ်သို့ရောက်သွားသည်။ မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံး ရန်ကုန်မြို့တစ်မြို့တည်းတွင် တစ်နေ့လျှင် အမှိုက်တန်ချိန် ၂၀၀၀ ကျော်မှ ၂၅၀၀ ခန့်အထိထွက်ရှိနေပြီး တစ်နိုင်ငံလုံးတွင် အမှိုက်တန်ချိန်ထောင်ပေါင်းများစွာ နေ့စဉ်ထွက်နေသည်။ ထိုပြဿနာကို တာဝန်ရှိသည့် စည်ပင်သာယာမှ ဖြေရှင်းရုံဖြင့်မပြီးနိုင်ဘဲ အသုံးပြုသူ ပြည်သူလူထုတို့က လည်း အသိတရားဖြင့် စနစ်တကျ အသုံးပြုကြမှသာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
နိုင်ငံအတွင်း အခွန်၊ အခ၊ ဘဏ္ဍာငွေများ လိုအပ်သည်ထက် ပိုမို ကုန်ကျနေခြင်းအကြောင်းတွင် အမှိုက် စွန့်ပစ်ခြင်းပါဝင်သည်။ အမှိုက်များ နှင့်ပတ်သက်၍ အသုံးပြုမှု၊ စွန့်ပစ်မှု၊ ပြန်လည်အသုံးချမှုတို့ကို စနစ်တကျ ပြုလုပ်နိုင်ပါက အမှိုက်ပြဿနာ လျော့ကျလာပြီး ဘဏ္ဍာငွေဆုံးရှုံးမှုလည်း သက်သာလာမည်ဖြစ်သည်။ အမှိုက်သိမ်းဆည်းခနှင့် သန့်ရှင်းရေးအခွန် များသည် အခွန်အခနှုန်းမြင့်သည့်အတွက် အခွန်ထမ်းပြည်သူများသည် အမှိုက်ထွက်နှုန်းလျော့ကျအောင် ဆောင်ရွက်သင့်ပေသည်။ အမှိုက်ထွက်လျှော့ချရာ၌ လျှော့ချဆောင်ရွက်ခြင်း (Reduce)၊ ပြန်လည်ပြုပြင်၍ အသုံးပြုခြင်း (Recycling)၊ ပြန်လည်အသုံးပြုခြင်း (Reuse) တို့ကို ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်နှင့် ဘဏ္ဍာငွေကို ထိန်းသိမ်းရာရောက်ပါသည်။
စွန့်ပစ်အမှိုက် အမျိုးမျိုးရှိရာတွင် အိမ်ထောင်စုများမှထွက်ရှိသော အမှိုက်မှာ ၈၂ ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး ယင်းပြဿနာကို နေ့စဉ်ဖြေရှင်း နေရသည်။ ထို့ကြောင့် အမှိုက်ထွက်ရှိမှုနည်းပါးလျော့ကျလာအောင် အိမ်ထောင်စုအသီးသီးတို့က စနစ်တကျသုံးစွဲကြရန်လိုအပ်ပြီး ထုပ်ပိုး ထားသည့် အသင့်သုံးပစ္စည်းများကို အစားထိုးဆောင်ရွက်ရေး၊ ထုပ်ပိုး ပစ္စည်းများကို ပြန်လည်အသုံးပြုရေးတို့ကို သတိထားပြုလုပ်ဆောင်ရွက်ကြ ရန်လိုအပ်ပါသည်။ အမှိုက်များကို ပြန်လည်အသုံးချခြင်းလုပ်ငန်းကို ယခုအခါ စတင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်အောင် ကြိုးစားအားထုတ်ရဦးမည်ဖြစ်သည်။
အရေးကြီးသော အမှိုက်ပစ္စည်းတစ်မျိုးဖြစ်သော ရန်ကုန်မြို့တော်ရှိ အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ ၇၆ ခု၊ ပုဂ္ဂလိကဆေးခန်း ၁၉၂၅ ခုမှ ထွက်ရှိသည့် နေ့စဉ် ဆေးရုံ၊ ဆေးခန်းထွက် စွန့်ပစ်ပစ္စည်းများကို ဖျက်ဆီး နိုင်ရန်အတွက် လှိုင်သာယာမြို့နယ်ထိန်ပင်ရှိနောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် တန် ၂၀ အမှိုက်မီးရှို့ စက် တည်ဆောက်ထားပြီး ဖျက်ဆီးဆောင်ရွက် လျက်ရှိသည်။ ကရင်ပြည်နယ်တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှရရှိ သည့် ဘားအံမြို့နှင့် မြဝတီမြို့ အမှိုက်စွန့်ပစ်ရေးစနစ်မြှင့်တင်ရေးအတွက် ချေးငွေရယူပြီးဆောင်ရွက်လျက် ရှိသည်။ မုံရွာမြို့တွင် ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ စွန့်ပစ်အမှိုက်များ မီးရှို့ ဖျက်ဆီးရေးအတွက် စက်ရုံတည်ဆောက် ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရှမ်းပြည်နယ်တွင် အင်္ဂလန်အခြေ စိုက်ကုမ္ပဏီနှင့်ပူးပေါင်း၍ စွန့်ပစ်အမှိုက်မှ စွမ်းအင်လောင်စာထုတ်လုပ် နိုင်မည့် အမှိုက်မီးရှို့ စက်တည်ဆောက်ရန် နားလည်မှုစာချွန်လွှာ ရေးထိုး ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပြည်သူများ၊ အိမ်ထောင်စုများ အသုံးပြုပြီး ထွက်ရှိလာသော အမှိုက်များမှာ နေ့စဉ် တန်ချိန်ထောင်ပေါင်းများစွာ ထွက်ရှိနေသည်ဖြစ်ရာ နေ့စဉ်လူမှုဘဝပတ်ဝန်းကျင်နှင့် ပြည်သူလူထု၏ ကျန်းမာရေး ထိခိုက်မှုတို့ကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် စွန့်ပစ်အမှိုက် များကို လျှော့ချဆောင်ရွက်ခြင်း (Reduce)၊ ပြန်လည်ပြုပြင်၍ အသုံးပြုခြင်း (Recycling)၊ ပြန်လည်အသုံးချခြင်း (Reuse)တို့ကို ပိုမိုကျယ်ပြန့်စွာ ပြုလုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင်နှင့် နိုင်ငံ့ဘဏ္ဍာငွေတို့ကို ထိန်းသိမ်းမြှင့်တင်ရာ ရောက်မည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ