လိပ်သို ၂၃ ဇူလိုင်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများကြေညာနိုင်ရေးတို့အတွက် ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့် လိပ်သိုမြို့ရှိ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် လိပ်သိုမြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ပထမ အကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ လိပ်သိုမြို့အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲ ပေးပိုင်ခွင့်ရရှိစေရေး၊ မဲစာရင်းလွယ်ကူစွာ သိရှိနိုင်ရေးအတွက် ကြော်ငြာဘုတ်များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကြော်ငြာဘုတ်ကပ်ထားရာတွင် ခိုင်ခန့်မှု လုံခြုံမှုရှိစေရေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သံတောင်ကြီးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပထမအကြိမ် မဲစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်၍ ကပ်ထားကြေညာပေးရမည်ဖြစ်ရာ မဲဆန္ဒရှင် စာရင်းများကြေညာပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြား ပြီးနောက် တက်ရောက်လာကြသည့် ရပ်ကွက်ကျေးရွာအုပ်စု တို့မှ ရွေးကောက်ပွဲဆိုင်ရာ တာဝန် ရှိသူများအား အခြေခံမဲဆန္ဒရှင် စာရင်းများကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး သံတောင်ကြီးမြို့နယ် ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် သံတောင်ကြီးမြို့နယ် ဒုတိယ အုပ်ချုပ် ရေးမှူး ဦးနေသွေးက ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ရည်မှန်း ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ လိပ်သိုမြို့ရှိ ရပ်ကွက် (၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၁) အုပ်စုတို့မှ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများဖြစ်သော ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အဆင့်ဆင့်တို့အပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
နွယ်နွယ်ခိုင်(ပြန်/ဆက်)


