မြိတ် ၂၃ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အထက်တန်းအဆင့် ကျောင်းများ အားလုံးကို ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များ၊ သတ်မှတ် စည်းကမ်းချက် များနှင့်အညီ ဇူလိုင် လ(၂၁)ရက်၌ ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် အထက်တန်းအဆင့်ကျောင်းများ အားလုံးဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လမ်းညွှန်ချက် (၈၁)ချက်ဖြင့် သတ်မှတ်ချက်အနေဖြင့် အေ၊ ဘီ၊ စီ ဖြင့် သတ်မှတ်ထားကာ “အေ” အုပ်စုရရှိပါက ကျောင်းဖွင့်ခွင့်ပေးခဲ့ရာ မြိတ်ခရိုင်တွင် မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် အထက်တန်းအဆင့် ကျောင်းများအားလုံးဖွင့်လှစ်နိုင်ခဲ့ပြီး ကျွန်းစုမြို့နယ်တွင်(၁၈)ကျောင်းနှင့် တနင်္သာရီ မြို့နယ်တို့တွင် (၁၃)ကျောင်း ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
မြိတ်ခရိုင်တွင် အထက်တန်းကျောင်း(၄၄)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ(၃၈)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း (၃)ကျောင်းရှိရာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များ၊ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ အထက်တန်းကျောင်း(၃၃)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ(၁၈)ကျောင်းနှင့် ကိုယ်ပိုင်အထက် တန်းကျောင်း(၃)ကျောင်း ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး Grade(10) ကျောင်းသား /သူ (၅၀၂၉)ဦး Grade(11)ကျောင်းသား/ သူ (၄၇၈၁)ဦးအား ဆရာ/မများက လမ်းညွှန်ချက်များ အတိုင်း စနစ်တကျ သင်ကြားလျက်ရှိသည်။
ကျောင်းသားဦးရေ အနည်းအများပေါ်မူတည်၍ ဆရာ/မအနေအထားအရ နှစ်သုတ်ခွဲပြီး ရက်ခြားဖွင့် လှစ်သင်ကြားလျက်ရှိသည့် ကျောင်းများနှင့် မနက်ပိုင်း ညနေပိုင်းခွဲပြီး သင်ကြားလျက်ရှိသည့် ကျောင်းများရှိ ကြောင်း၊ ကျောင်းတစ်ချို့တွင် ဆရာ ဆရာမလိုအပ်ချက်များရှိသဖြင့် သင်ကြားရေး အခက်အခဲများ ရှိကြောင်း၊ ကျောင်း သား/သူများအား နှာခေါင်းစည်းနှင့် မျက်နှာအကာတပ်ဆင်စေခြင်း၊ အပူချိန်တိုင်းခြင်း၊ လက်ဆေး စေခြင်းများကို စနစ်တကျ သင်ကြားသင်ယူ ဆောင်ရွက်လျက်ရှိကြသည်။
ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်အတိုင်း စာသင်ခန်းမှာ သတ်မှတ်ထားတဲ့ အချိန်စာရင်း အတိုင်း ကျောင်းသား/သူတွေကို စာသင်ခန်းတစ်ခန်းမှာ ကျောင်းသား(၂၀) သင်ကြား သင်ယူလျက် ရှိကြရာ ဇူလိုင်လ(၂၃)ရက် နံနက်ပိုင်းက ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလွင်လွင်မွန်၊ ခရိုင်ပညာရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက မြိတ်မြို့ပေါ်ရှိ ကျောင်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )


