နမ္မတူ ၂၃ ဇူလိုင်
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပထမအကြိမ် ကပ်ထားကြေညာမည့် မဲစာရင်းများ ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်လ ၂၃ ရက် နံနက် (၁၀)နာရီခွဲ က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှေ့ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမင်းဇော်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယမင်းရွှေစင်စိုးက မဲစာရင်းကပ်ထား ကြေညာခြင်းနှင့် ပက်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမင်းဇော်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဖြေကြားဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဋ္ဌ ဦးမင်းဇော်နှင့် တာဝန်ရှိသူများက အထပ်သားပြား ဆိုင်းဘုတ်ဗွီနိုင်းများ၊ ရုံးတံဆိပ်တုံးများနှင့် ပထမအကြိမ်ကပ်ထားကြေညာမည့် မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
နမ္မတူမြို့နယ်အတွင်း ရပ်ကွက် (၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၁)အုပ်စု၊ မဲရုံး (၄၈)ရုံနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ပထမအကြိမ်မဲစာရင်းအနေဖြင့် ကျား (၁၄၁၈၄)ဦး၊ မ(၁၆၂၄၉)ဦး၊ စုစုပေါင်း (၃၀၄၃၃)ဦး ရှိပြီး အဆိုပါ မဲစာရင်းများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၌ ဇူလိုင် (၂၅)ရက်နေ့မှစတင်၍ ဩဂုတ်လ (၇)ရက်နေ့အထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမင်းဇော်ထံမှ သိရှိရသည်။
လူမော် (ပြန်/ဆက်)


