နေပြည်တော် ၂၃ ဇူလိုင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး စီမံကိန်း (UEHRD) ကော်မတီ၏ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းအဖွဲ့ တာဝန်ရှိသူများနှင့် ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆွေးနွေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတ စုစည်းညီညွတ်မှု အထောက်အကူပြု အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ အမျိုးသမီး ဦးစားပေး အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေမှု၊ ကျေးလက်မီးလင်းရေး၊ သောက်သုံးရေရရှိရေး၊ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးပြည့်မီသည့် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖြန့်ဝေပေးခြင်းနှင့် ခေတ်မီ စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုခြင်းဆိုင်ရာ သင်တန်းများ ပို့ချဆောင်ရွက်ပေးနေမှု၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်သော သီးနှံမျိုးစေ့များထုတ်လုပ်ခြင်း၊ ရေသိုလှောင်ခြင်းကို ပုံစံအမျိုးမျိုးဖြင့် တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ဆည်မြောင်းရေသောက်စနစ်များ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ပေးနေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် UEHRD ကော်မတီတို့အကြား ပူးပေါင်းဆောင်ရွက်နေမှုများ တိုးမြှင့်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ကူညီပံ့ပိုးမှုဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


