ပူတာအို ၂၃ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေသားနံရံပြိုကျခြင်းနှင့် ကြိုးတံတားတစ်စင်း မျောပါဆုံးရှုံးမှု ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၁ နာရီခန့်က ပူတာအိုမြို့နယ် ပမ္မတီးကျေးရွာအုပ်စု၊ ဂျေဂျီဒီကျေးရွာ ပြည်သူများက အလှူရှင်အကူအညီဖြင့် တည်ဆောက်ထားသော ဂျေဂျီဒီ-မုဒုံ(၂)သွားလမ်း နမ့်ပလန့်ချောင်းကူး ကြိုးတံတားအရှည် ပေ(၂၇၀)သည် နမ့်ပလန့်ချောင်းရေ မြင့်တက်မှုကြောင့် ရေထဲမျောပါပျက်စီးသွားကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ်သိန်း(၅၀)ဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၃ နာရီခန့်က မြို့မရပ်ကွက်(၁) ရဲစခန်းကုန်းအောက် အဆင်းလမ်းတွင် မိုးရွာသွန်းမှုကြောင့် ရေနုတ်မြောင်းနှင့် လမ်းမပေါ်သို့ မြေသားနံရံပြိုကျမှုဖြစ်ပွားခဲ့ရာ အဆိုပါမြေသားနံရံပြိုကျရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်၊ ခေတ္တမြို့မ ရဲစခန်းမှူး ရဲအုပ်ညွန့်ဆွေ၊ မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူး ဦးတိတု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမဘုခင်တို့၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့၀င်များ၊ စည်ပင်၀န်ထမ်းများ၊ ရပ်ကွက်ပြည်သူများနှင့်အတူ ပူတာအိုနန်းတော် ဆောက်လုပ်ရေးကုမ္ပဏီက Loader ယာဉ်တစ်စီးဖြင့် လမ်းသွားလမ်းလာ အဆင်ပြေစေရန်အတွက် ပူးပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


