မင်းဘူး ၂၄ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများကို စနစ်တကျစိုက်ပျိုးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျောက်စံကျေးရွာရှိ တောင်သူဦးအုန်းကျော်၏ လယ်မြေတွင် မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ထုတ် ဧရာမင်းစိုက်ခင်းအား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ ဧရာမင်းမျိုးစေ့ထုတ်စိုက်ခင်းတွင် စပါးတစ်ဧကလျှင် RS မျိုးသန့်မျိုးပွားအတွက် စပါးမျိုးစေ့ တစ်တင်းခန့် ပျိုးထောင်ရပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် စပါးတင်း (၁၀၀)ကျော် ထွက်ရှိ ကြောင်း၊ စပါးပင်သက်တမ်းမှာ မျိုးစပါး သက်ယဉ်/သက်ကြီး အပေါ်မူတည်၍ ရက်ပေါင်း ၁၂၀ မှ ၁၄၀ ခန့်ရှိကြောင်း၊ စပါးစိုက်တောင်သူများအနေဖြင့် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးခြင်းအားဖြင့် စပါးအထွက်နှုန်း ကောင်းမွန်၍ မျိုးစပါးများ ပြန်လည်ရောင်းချချိန်တွင် ဈေးကောင်းရရှိပြီး ဝင်ငွေတိုးပွားခြင်း စသည့် ကောင်းကြိုးများစွာရရှိကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။
“ကိုဗစ်-၁၉ ကာလမှာ ကိုဗစ်စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ဆောင်ရွက်နေတဲ့ မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း ဧက ၆၀ကို နည်းစနစ်မျိုးစုံနဲ့ မင်းဘူး(စကု)မြို့နယ်အတွင်းမှာ စိုက်ပျိုးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း နည်းစနစ် မှန်ကန်စွာစိုက်ပျိုးနိုင်ရေး၊ တစ်ဧကကောက်ကွက် ပြည့်မီရေးတို့အတွက် နည်းပညာပိုင်းနဲ့ လိုအပ်တာတွေကို ကွင်းဆင်းကြီးကြပ်ကာ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းနိုင်ဝင်းက ပြောသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ပျိုးရန် ဧက (၃) သောင်းကျော် လျာထားပြီး ကိုဗစ်-၁၉ ကာလတွင် ကိုဗစ် စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း ဧက ၆၀၀ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ RS to CS မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်နိုင်ရန် စပါးမျိုးစေ့များကိုလည်း တောင်သူများထံ ထုတ်ပေးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)


