မန္တလေး  ၂၄ ဇူလိုင်

 

စီးပွားရေးဆိုင်ရာ အဆောက်အဦများပါဝင်သည့် Mixed-Use Development Project စီမံကိန်းအား ဆောက်ရွက်ခွင့်ပြုရန် တင်ပြထားဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်ဆိုင်က ပြောသည်။

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့တွင် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး ၏ Mixed-Use Depelopment Project အား မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုသည့် ကြယ်ပွင့်ပြမေးခွန်းကို ဖြေဆိုရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

"မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခန့်ခွဲပိုင်ခွင့်ရှိသည့် မြေပေါ်တွင် Mandalay Trungthuman Development ကုမ္ပဏီနှင့် ဆက်စပ်ကုမ္မဏီများနှင့် ပူးပေါင်းဆောင်ရွက်မည့် Mixed-Use Depelopment Project အား ဆောင်ရွက်ခွင့်ပြုရန် ဇွန် ၂၃ ရက် ၂၀၂၀  ခုနှစ်တွင် တင်ပြလမ်းညွန်မှု ခံယူထားပြီး ခွင့်ပြုချက်ရပြီးပါက ဆက်လက်အကောင်အထည်ဖော် သွားမည်ဟု ၄င်းက ပြောသည်။

 

အဆိုပါ စီမံကိန်းသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်  ၆၉ လမ်းနှင့် လမ်း ၇ဝ ကြား၊ ပိတောက်လမ်း နှင့် သိပ္ပံလမ်းကြားရှိ မြေဧရိယာ ၅ ဒသမ ၆၆၅၂ ဧကကျယ်ဝန်းသည့် မြေပေါ်တွင် ဆောင်ရွက်မည် ဖြစ်သည်။ မန္တလေးမြို့၏ စီးပွားရေးအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်သည့် Mixed-Use Development Project စီမံကိန်း စတင်တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ၂၀၁၉ ခုနှစ် မေ ၂၈ ရက်က ကျင်းပခဲ့သည်။

 

"ကိုဗစ်ကာလ မတိုင်ခင်ကတည်းက ရပ်တာ ၈ လခန့်ကြာပြီ ဖြစ်ပါတယ်။ စီမံကိန်းဧရိယာအတွင်းမှာ မည်သည့်ပစ္စည်းမှ မကျန်ဘဲ သွပ်အကာအရံသာ ကျန်ပါတော့တယ်။ သို့ပါသဖြင့် Mixed-Use Depelopment Project အား မည်းကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုပါသည် "ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

 

အကောင်အထည်ဖော်ဆောင်ရွက်မည့် Mixed-Use Development Project သည် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့အတွက် ဘဏ္ဍာရန်ပုံငွေရရှိစေနိုင်ပြီး မန္တလေးမြို့တွင် စီးပွားရေးအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် လူငယ်များအတွက် ပြည်တွင်း/ပြည်ပ နည်းပညာသစ်များ မျှဝေနိုင်မည့် Innovation Center ၊ ခေတ်မီပညာရေးပံ့ပိုးမှုများ ရရှိနိုင်မည့် Education Center နှင့် မြို့နေပြည်သူများအတွက် ကျန်းမာရေး၊ လူမှုရေးကဲ့သို့သော အဖွဲ့လိုက် လှုပ်ရှားမှုများအား တစ်နေရာတည်းတွင် စုစည်းတွေ့ဆုံနိုင်မည့် Community Center များ ပါရှိမည် ဖြစ်သည့်အတွက် မန္တလေးမြို့နေ ပြည်သူများအတွက် များစွာအကျိုးကျေးဇူးရရှိနိုင်မည် ဖြစ်သည်။

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တင်ဒါအောင်မြင်ထားသည့် Mandalay Taungthaman Development Limited တို့ ပူးပေါင်း၍ Public Private Partnership-PPP ပုံစံဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး အဆိုပါ တည်ဆောက်ရေးစီမံကိန်းတွင် Retail Mall, Shop House များပါဝင်မည့် Commercial Component, Residential Component အပြင် Education Center, Innovation Center နှင့် Community Center အဆောက်အအုံများ ပါဝင်မည်ဖြစ်သည်။ အဆိုပါ စီမံကိန်းတွင်  ရင်းနှီးမြုပ်နှံမှုပမာဏ မြန်မာကျပ်ငွေ ၁၀ဝ ဘီလီယံရှိကြောင်း သိရသည်။

 

မေသက်ထား