နေပြည်တော် ၂၄ ဇူလိုင်
အာဆီယံဥပဒေအသင်း (ASEAN Law Institute) အုပ်ချုပ်မှုအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် video conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမှ အဖွဲ့ဝင် ဖြစ်သူ ပြည်ထောင်စု ရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး၊ ညွှန်ကြားရေးမှူးချုပ် များ ဖြစ်ကြသော ဒေါက်တာ ဆွေဆွေအောင်၊ ဒေါက်တာသီသီမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံဥပဒေပညာရှင်များ အသင်းကို ၁၉၇၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အဆိုပါအသင်းသို့ အဖွဲ့ဝင်အဖြစ် ၂၀၁၂ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ အာဆီယံဥပဒေပညာရှင်များအသင်းက အာဆီယံဥပဒေ ရေးရာကိစ္စရပ်များတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ASEAN Law Institute ကို ၂၀၁၈ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ တည်ထောင်ခဲ့သည်။
ASEAN Law Institute အုပ်ချုပ်မှုအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးတွင် ASEAN Law Institute ကို ဥပဒေအရ တည်ထောင်ဖွဲ့စည်းသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်၊ အသင်း၏ မဟာဗျူဟာ (၂၀၂၀-၂၀၂၄) ပါ လုပ်ငန်းများ ၊ ၂၀၂၀ ပြည့်နှစ် လုပ်ငန်းစီမံချက်အရ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းရမည့် လုပ်ငန်းအခြေအနေများ၊ အာဆီယံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်နှင့် နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် ပြည်တွင်းဥပဒေများအပေါ် လေ့လာဆောင်ရွက်ခြင်း၊ ၂၀၂၁ ခုနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းများ၊ အာဆီယံဥပဒေပညာရှင်များအကြား ပညာရပ်ဆိုင်ရာဖလှယ်ရေးနှင့် ဆက်လက်ကျင်းပမည့် အစည်းအဝေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


