ကန်ကြီးထောင့် ၂၄ ဇူလိုင်
ပုသိမ်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးရိက္ခာများ ရေရှည်စဉ်ဆက်မပြတ် စားသုံးနိုင်ရေး၊ ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်၊ ငါးသယံဇာတများ ပေါများလာစေရန် ရည်ရွယ်လျက် ပုသိမ်မြို့ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အင်းနှင့်သဘာဝရေပြင်များသို့ ငါးမျိုးများစိုက်ထည့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးဌာနမှူး ဦးသော်ထွန်းဦး၊ ခရိုင်ဦးစီးဌာနမှူးဦးအေးနိုင်၊ ကန်ကြီးထောင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဦးစီးဌာနမှူး ဦးစိုးသိန်းနှင့် ဝန်ထမ်းများ၊ စခန်းတာဝန်ခံ ဦးမျိုးနိုင်ဦးနှင့်ဝန်ထမ်းများတက်ရောက်ပြီး ငါးမြစ်ချင်းကောင်ရေ နှစ်သိန်း၊ ငါးခုံးမကြီး ကောင်ရေနှစ်သိန်း၊ ရွှေဝါငါးကြင်း ကောင်ရေတစ်သိန်းနှင့် ငါးကျည်း ကောင်ရေနှစ်ထောင်၊ စုစုပေါင်း ကောင်ရေငါးသိန်းနှစ်ထောင်အား မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


